သံယောဇဉ် လက်ကျန် •••••••••••••••••••••••••••• 🐢 မုန်တိုင်းတွေက တစ်လုံးပြီး တစ်လုံး ဝုန်းလို့ကောင်းနေတုန်း။ စွေလိုက် စဲလိုက် သဲလိုက်နဲ့ အေးစက်စက်မိုးရေတွေကို အခန်းထဲကနေ ပုန်းပြီး ချောင်းကြည့်နေလိုက်တယ်။ ပတ်ပတ်လည်က တောင်တန်းတွေကို ရစ်သိုင်းထားတဲ့ မြူဆိုင်းတွေလည်း ကဗျာတော့ဆန်သား။ လွမ်းမောဖွယ်နံနက်ခင်းကိုမှ ငြီးငွေ့စွာငေးကြည့်မိနေတဲ့ ကိုယ့်အဖြစ်က ရင်ခုန်စရာ ဃဂ နဏ မရှိတာမျိုး။ စဓဗဝ အစွမ်းနဲ့ ဥုံဖွဆိုပြီး အားလုံးကို တစ်က ပြန်စလို့ရရင်တော့ တချို့ပုံရိပ်တွေကို မသိမသာလေး ခေါက်သိမ်းထားလိုက်ချင်တယ်။ ကွယ်...ခုတော့ အစွေကောင်းတဲ့ ရွှေမိုးကိုသာ ပေစောင်းစောင်းထိုင်ကြည့်နေရုံ။ ••••••••••••••••••••••••••••••••••••••••••••• 🐢🐢 ခြေသံအကြမ်းနဲ့ ဗရမ်းဗတာပြေးဝင်လာတဲ့ ပန်းရံသမားတွေကို ကြည့်ပြီး တစ်ချက်တော့ မှင်သက်သွားမိတယ်၊ ဘာဖြစ်ကြပါလိမ့်... "ဘာဖြစ်ကြတာတုန်း"လို့ လှမ်းမေးတာကို အနှီဘသားတို့က မဖြေအား၊ ပစ္စည်းတွေသာ အမြန်ဆွဲယူပြီး သိမ်းဆည်းနေကြတယ်။ သူတို့ကိစ္စပြီးတော့မှ ပြုံးဖြီးဖြီးနဲ့ ရယ်ပြတယ်၊ ဘာမှမပြောဘဲ ပြန်ထွက်သွားကြပြန်တယ်။ ဘယ်လိုကြီးပါလိမ့် 🤔 မရှေးမနှောင်းလေးမှာပဲ နောက်ထပ် ခြေသံတွေနဲ့အတူ အဆောင်ထဲကို လူ သုံးလေးယောက် တိုးဝင်လာကြပြန်တယ်။ ဒါက အုတ်နဲ့ ဘိလပ်မြေ လာပို့ကြတဲ့ အလုပ်သမားတွေ။ မျက်စိတွေက တစ်ခုခုကို စူးစမ်းရှာဖွေနေကြတယ်။ စားပွဲပေါ်မှာတော့ ကော်ဖီမစ်ထုတ်၊ မုန့်၊ ထမင်း၊ဟင်း၊ ကြက်သားကြော်၊ အအေးဘူးတစ်ချို့နဲ့ ဖက်ကြမ်းဆေးလိပ်ပန်းကန်။ ဘာတစ်ခုမှ ကောက်မကိုင်ဘဲ ရေသန့်ဘူးထဲက ရေတွေသာ ကိုယ်စီ ခပ်သောက်ကြတယ်။ သူတို့ဗိုက်မှာကပ်နေတဲ့ အင်္ကျီစနဲ့ သူတို့ မေ့စေ့ နှုတ်ခမ်းကို ပွတ်ပြီး ပြန်ထွက်သွားကြတယ်။ သြော်...သိပြီ။ အကောင်လိုက်မြင်တော့မှ အရိပ်ကို မှန်းဆမိသွားတာမျိုး။ ကွမ်းရွက်နဲ့တကွ တွဲစပ်စားရသော ထုံး ကွမ်းသီး ဗမာဆေး။ ပန်းရံဆရာတွေ ကွမ်းသီး ကွမ်းရွက်ကုန်ခါနီးပုံ ပေါ်ပါတယ်။ ဒီအလုပ်သမားတွေ ပစ္စည်းလာပို့တိုင်း ဒီနေရာကို လာတယ်။ ကွမ်းသီး ကွမ်းရွက်နှိုက်ပြီး ကွမ်းယာ ယာပြီး စားနေကျ။ ဒီနေ့ ကွမ်းသီး ကွမ်းရွက် နည်းနည်းလေး ကျန်လို့ လက်ကျန်ကွမ်းသီး ကွမ်းရွက်ကို စားသွားကြမှာကြောက်လို့ ပန်းရံဆရာတွေ အမြန်လာဖွက်ကြတာပေါ့လေ။ ဆက်စပ်မိတော့မှ အသံပါထွက်ပြီး ရယ်ချလိုက်မိတယ်။ တကယ်တော့ ပန်းရံဆရာတွေက နှမြောတတ်ကြတာမဟုတ်ပါဘူး၊ အရင်လည်း ဒီလူတွေ လာလာ စားနေကျပါ။ ကိုယ်ကလည်း သူတို့အကြိုက်မို့ အမြဲတမ်းပြည့်စုံအောင် ဝယ်ပေးထားပါတယ်။ ဒီရက်ပိုင်း မိုးပြန်စွေနေလို့ တောစခန်းကနေ မြို့ထဲမသွားဖြစ်တော့ သူတို့တွေ ရိက္ခာပြတ်နေကျတာနေမယ်။ စားပွဲပေါ်မှာ ကော်ဖီတွေ မုန့်တွေ ထမင်းဟင်းတွေ အလျှံပယ်ရှိပါတယ်၊ ကြိုက်သလောက်စားလို့ရတယ်၊ ပန်းရံဆရာတွေလည်း လာမဖွက်သလို သူတို့လည်း မစားကြဘူး။ လက်ကျန်သံယောဇဉ်လေးမို့ မလွှဲသာ မရှောင်သာ မစ္ဆရိယ ပွားလိုက်ကြတဲ့ ကိုယ့်ပန်းရံဆရာတွေကို လှမ်းကြည့်ပြီး ရယ်ပြလိုက်တယ်၊ ငါ သိနေတယ်နော် ဆိုတာမျိုး။ သူတို့ကလည်း ပြန်ရယ်ပြကြတယ်၊ သိရင် အသာနေ ဆိုတာမျိုး။ •••••••••••••••••••••••••••••••••••••••••••••• 🐢🐢🐢 နှစ်သက်မြတ်နိုးအပ်သော အရာဝတ္ထုနှင့် နှစ်သက် မြတ်နိုးတတ်သော ကိလေသာသည် မစ္ဆရိယကို ပူးပေါင်းထုတ်လုပ်လိုက်တတ်သည်မဟုတ်ပါလော။ တန်ဘိုးကြီးခြင်း တန်ဘိုးသေးခြင်းသည် တပ်မက်မှုဆန္ဒကသာ အဆုံးအဖြတ်ပေးသွားသည်ကို တွေ့ရှိရသည်။ ဤလောကတွင် သတ္တဝါအားလုံးသည် မိမိတို့၏ အာသာဆန္ဒဖြင့် သိမ်းပိုက်ထားလိုသော အရာတိုင်းသည် တန်ဘိုးကြီးသည်သာဖြစ်၏။ အာသာဆန္ဒဖြင့် သိမ်းပိုက်မှုမပြုလျှင် မည်သည့်အရာမှ တန်ဘိုးကြီးသည်ဟု မမြင်၊ ဤကား ဝတ္ထုကာမနှင့် ကိလေသာ ကာမတို့၏ ပင်ကိုယ်သဘာဝပင်ဖြစ်၏။ ကွမ်းသီး ကွမ်းရွက်အတွက် အရေးတော်ပုံပမာ ညီညွတ်စွာ လှုပ်ရှားသွားကြသော ကိုရွှေပန်းရံဆရာတို့ကို ကြည့်နေမိ၏။ သို့သော် မိမိသည် သူတို့ကိုကား မမြင်။ ကွယ်လွန်ပြီးလေသူ ဖြစ်သော အဘ ဦးကုလားကိုသာ ပြန်၍ မြင်ယောင်နေမိပါသည်။ မိမိသည် ဘကုလားဟု ချစ်စနိုးဖြင့် ခေါ်ခဲ့သည်။ သန်းသန်းတံဆိပ် ဆေးပေါ့လိပ်လေး တစ်ဖွာဖွာနှင့် ဘကုလားသည် တောတောင်စိမ့်စမ်း၏ ရင်ခွင်တွင် ရွှင်လန်းစွာ နေထိုင်ခဲ့၏။ ဝေလီဝေလင်း ဆောင်းနံနက်ခင်းတစ်ခုမှာတော့ ဘကုလားသည် တောတောင်စိမ့်စမ်းတွင် ရွှေစိတ်တော် မရွှင်လန်းရခဲ့ပြီ မဟုတ်ပါလား။ သြော် ... ဘကုလားလည်း ဒီလိုပဲ ကြုံခဲ့ရမှာကို။ တေကာလိကဟူသော ကာလသုံးပါးကို အာရုံပြုနိုင်သည့် မိမိ၏ မနောဒွါရာဝဇ္ဇန်းသည် အတိတ်ဓမ္မာရုံဆီသို့ ကူးလူး၍ ဆက်သွယ်နေပြန်သည်။ ••••••••••••••••••••••••••••••••••••••••••• 🐢🐢🐢🐢 ဆောင်းအေးအေးမှာ အနွေးဓာတ်အရေးပေါ်လိုအပ်တာကြောင့် မောင်းလက်စ ဆိုင်ကယ်ကို ရပ်ပြီး - တစ်ယောက်တည်းနေသော ဘကုလား၏ အိမ်ထဲကို အပြေးဝင်သွားလိုက်သည်။ မိမိကိုမြင်တော့ ဘကုလားက ပြုံးပြသည်။ ပြုံးပြသော်လည်း ဘကုလားမျက်နှာက မသက်မသာ။ ပင်လုံဆောင်းသည်ကား အရွယ်သုံးပါးမရွေး အေးခဲဖို့သာပြင်ထားဟု ကြုံးဝါးလေသလားမသိ၊ စကားပြော၍ပင် မပီ။ ဘကုလား မီးဖိုလေးနား ကပ်ပြီး လက်ဖျားတွေ အရင်ဆုံး မီးငွေ့ပေးလိုက်၏။ ကိုယ့်အရင် နေရာယူထားတဲ့ ဘကုလား၏ ရွှေဝါလေးက နေရာနည်းနည်းရွှေ့ပေးပါသည်။ ကြောင်လေးကို ပွတ်သပ်ပေးရင်း ဘကုလားကို အကဲခက်ကြည့်လိုက်သည်။ ရာသီဥတုက အခြေအနေမကောင်း၊ ဘကုလား စိတ်ရှုပ်နေသည်ထင်။ ယခင်ဆိုလျှင် မိမိလာလျှင် သူပျော်သည်၊ စကားတွေအများကြီး ဖောင်ဖွဲ့သည်။ စားစရာ သောက်စရာများနှင့် ချကျွေးသည်၊ မစားလျှင် ပွစိ ပွစိ ရွတ်သည်။ ယခုမူ ဘကုလားသည် တုဏှိဘာဝ တိတ်ဆိတ်စွ။ ပါးစပ်မှတစ်ချို့ နှာခေါင်းမှတစ်ချို့ ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်နေပြန်သည်၊ လက်ကြားထဲက ဆေးလိပ်တိုသည် မကြာခင် ဘကုလားကို စွန့်ခွာရတော့မည်။ လက်ကျန်ရှင်းနေသည် ထင်ပ။ "ညက ငစိုင်း ဆိုတဲ့ကောင် အချိန် မတော်ကြီးကျမှ မူးမူးရူးရူးနဲ့ ရောက်လာတယ်" စကားပလ္လင်မရှိဘဲ ဘကုလားမှ ကောက်ခါငင်ခါ ပြောလိုက်သည်။ "ဟုတ် အဘ" ဟုသာ စကားထောက်ပေးလိုက်ပါသည်။ " ထမင်းဆာတယ် ဆိုလို့ ငါ သူ့ကို ထမင်းကျွေးပါတယ်၊ ငါတောင် မစားဘဲသိမ်းထားတဲ့ ကြက်သားခြောက်ကြော်နဲ့ ကျွေးတာပါ" "ဟုတ်ကဲ့ အဘ၊ အဘက ဘယ်သူလာလာ ကျွေးနေတာပဲလေ အဘ၊ အခု ဘာဖြစ်လို့လဲ" မိမိ၏ အမေးကို ချက်ချင်းမဖြေဘဲ ဘကုလား စကားဆက်ပြောဖို့ အားယူနေပြန်တယ်။ မောများ မောနေသလားလို့ သံသယ ဖြစ်လာမိတယ်။ " ထမင်းစားတာနည်းနည်းပါကွာ ကြက်ကြော်တွေသာ အများကြီးစားတာ၊ စားပြီးတော့ သူ ဒီမှာအိပ်လို့ရလားတဲ့၊ အိပ်ပေါ့လို့ဆိုပြီး ငါက အိပ်ရာတွေလည်း ပေးပါတယ်" "ဟုတ်ကဲ့ အဘ" စကားပြောတာကို ခဏရပ်ပြီး သူ့ဆေးလိပ်တိုကို ခပ်ပြင်းပြင်း ရှိုက်ဖွာနေပြန်တယ်။ "ပြီးတော့ ဘာစားစရာ သောက်စရာရှိသေးလဲတဲ့၊ ကော်ဖီတွေ မုန့်တွေတော့ သမီးကြီး ညနေကမှ ပို့သွားလို့ အများကြီးရှိတယ် မင်းစားချင်ရင် ယူစားလေ လို့ပြောပြီး ငါလည်း အိပ်ဖို့ ပြင်နေတုန်း သူက ဆေးလိပ်တစ်လိပ်ပေးစမ်းပါတဲ့" " အဲ " ကျွန်တော် ယောင်ပြီး ထအော်မိတယ်။ " ဆေးလိပ်က ငါ့မှာ တစ်လိပ်ပဲ ကျန်တော့တာ မို့ ဆေးလိပ်တော့ မရှိတော့ဘူး လက်ကျန်တစ်လိပ်လေးကလည်း ငါ ည တစ်ရေးနိုးရင် သောက်ဖို့နဲ့ မနက်အစော အစာစားပြီး သောက်ဖို့ပဲရှိတာလို့ပြောတာကို သူက အတင်းတောင်းတယ်" " ဟုတ်လား အဘ၊ အဘဘယ်လိုလုပ်လိုက်လဲ" "မရှိမှမရှိတာ ဒီတစ်လိပ်ကတော့ ငါလည်း မပေးနိုင်ဘူး၊ ဒါကြောင့် မင်းဘာသာ တခြားမှာ သွားရှာ ဒါတော့ မပေးနိုင်ဘူးလို့ ငါကပြောတော့ သူက စားပွဲကို ထ ထုတယ်" "ဟာ" ကျွန်တော်လန့်သွားပြီး ထအော်မိပြန်တယ်။ "အဘိုးကြီး ခင်ဗျားပေးမလား မပေးဘူးလား တဲ့" "ဟုတ် အဘ" "မပေးဘူး၊ မင်းမကျေနပ်လည်း မတက်နိုင်ဘူး၊မင်းကြိုက်တာလုပ်လို့ ငါကလည်း အပြတ်ပြောလိုက်တော့၊ သူ ထပြန်သွားတယ်" "သြော်... တော်ပါသေးရဲ့ အဘရာ၊ လန့်သွားတာပဲ" ဟု ပြောလိုက်သောအခါ ဘကုလားသည် မျက်နှာ ခပ်ညှိုးညှိုးဖြင့်ပင် - "ခဏနေတော့ သူပြန်လာတယ်၊ ငါလည်း သူ့ကို တံခါးဖွင့်မပေးတော့ဘူး" တံခါး ဖွင့်မပေးတော့ လမ်းပေါ်ကနေ ငါအိပ်နေတဲ့နေရာကို ခဲတွေနဲ့ထုတယ်၊ ရိုင်းရိုင်းစိုင်းစိုင်းတွေ ငါ့ကို အော်ဆဲတယ်၊သတ်ပစ်မယ် ဘာမှတ်နေလဲနဲ့ ကြိမ်းလိုက်တာမှ " "ဟုတ်လား အဘရယ်၊ ဆေးလိပ်မတိုက်တာနဲ့ ဒီလောက်ဖြစ်စရာလား " လို့ စိတ်ပျက်ပျက်နဲ့သာ ပြောလိုက်မိတယ်။ " အပိုရှိရင် ငါမနှမြောပါဘူး၊ ဒီတစ်လိပ်တည်း ရှိလို့ပါ၊ သူ့ကို ထမင်းတွေကော ကြက်ကြော်တွေကောကျွေးတာပဲ၊ ကော်ဖီတွေ မုန့်တွေလည်း စားလို့ရတယ်လို့ ငါပေးတာပဲလေ" " ဟူး... ဒီလူကလည်း ရိုင်းလိုက်တာ"လို့ စကားထောက်ပေးရင်း စိတ်ထဲမှာလည်း စက်ဆုပ်မိတယ်။ "ငါ တံခါးဖွင့်ပေးလိုက်ရင် သူငါ့ကို သတ်များ သတ်မလားမသိပါဘူး၊ တော်တော်ကြာမှ သူထွက်သွားတာ၊နောက်ထပ်တော့ ပြန်မလာပါဘူး" "ပေးလိုက်ရောပေါ့ အဘရယ် အလကားနေ သူရန်ရှာတာခံနေသေးတယ် ဘာမဟုတ်တာလေးနဲ့" ဟု ဘကုလားကို အပြစ်တင်လိုက်မိတယ်။ " ဒီတစ်လိပ်တည်း ကျန်တော့တာ ကွ" ဟု ဘကုလား တိုးတိုးလေးရေရွတ်သံကို သဲ့သဲ့လေးသာ ကြားလိုက်ရသည်။ ဘကုလားလည်း ဘာမှ ထပ်မပြောတော့ဘဲ ဆေးလိပ်တိုကို ပြာပုံထဲ ထိုးထည့်ပြီး သက်ပြင်းချနေတယ်။ သူ့ဆေးလိပ်တိုလေးက ပြာပုံထဲကနေ မိမိကို လှမ်းနှုတ်ဆက်သွားသေးသလိုထင်မိ၏။ ဘကုလား၏ မနေ့ညက လက်ကျန်သံယောဇဉ်အမျှင်အတန်းက ဒီဆေးလိပ်သာဖြစ်လိမ့်မည်ဟု သုံးသပ်မိသည်။ ရှင်ခန်း မဖြတ်နိုင်သော ဘကုလားအဖြစ်သည် အခန့်မသင့်လျှင် အသက်ကိုပင် ရန်ရှာသွားနိုင်သည်။ •••••••••••••••••••••••••••••••••••••••••••••• 🐢🐢🐢🐢🐢 အပြင်က မိုးဖွဲတွေ အထဲမဝင်နိုင်အောင် ပြတင်းတံခါးကို အသာအယာ ထပိတ်လိုက်ပြီး ပြတင်းမှန်ကနေ အနောက်တောင်တန်းတွေဆီ မျှော်ကြည့်လိုက်မိသည်။ မြူခိုးတွေနှင့် ထိုမှာဘက်ကမ်းက တောင်တန်းတွေသည် ရှမ်းပြည်၏ ဂုဏ်ကို ဆောင်နေသည်။ မိုးလေး စဲတုန်း ထင်းရူးပင်ပေါ် အညောင်းအညာ လာဖြေတဲ့ ကျီးကန်းတွေက ဂူးဂူးဂဲဂဲနှင့် အသံပေးနှုတ်ဆက်နေကြသည်။ မိမိလည်း အညောင်းပြေ လမ်းထွက်လျှောက်ရင်း တောင်တန်းကြီးတွေကို လှမ်းငေးနေမိပြန်သည်။ အလုပ်သမားတွေလည်း ထုသံ ရိုက်သံတွေနဲ့ နောက်တစ်မိုးမလာခင် လုပ်နေကြသည်။ သူတို့ကွမ်းရွက်တွေ ဘေးမသီ ရန်မခလို့မှ တော်ပါသေးရဲ့။ ဘကုလားကတော့ ကွယ်လွန်သွားရှာပြီ။ သွားလေသူရဲ့ တစ်ညတာ လောကဓံကြမ်းကို မှန်းဆပြီး အောက်မေ့မိပြန်သည်။ ကောင်းရာ မွန်ရာ ရောက်ပါစေ အဘရေ...။ #ဓမ္မအလင်းရောင်(ပင်လုံမြေ) 24-9-2024၊ (2:00-PM)