ဥရုဝေလနဲ့ တစ်ညတာ 
🐢🐢🐢🐢🐢🐢🐢🐢🐢🐢🐢🐢🐢 (၁) ခပ်ဖွဲဖွဲကျတဲ့ မိုးစက်တွေကို ဂရုမစိုက်ခြင်းအနုပညာနဲ့ ရင်ဆိုင်လိုက်လို့ ထင်ရဲ့... နှာတွေချေပြီး အဖျားဝင်နေတယ်။ နောက်ကျမှ ရောက်လာတဲ့မိုးဖွဲကလည်း စိုစွတ်နိုင်စွမ်းရှိတော့ သြဇာရှိသလောက်တော့ သူကလည်း လွှမ်းမိုးမှာပေါ့လေ.. မိုးဖွဲကလေးပါဆိုပြီး သူ့ကို မထေမဲ့မြင်ပြုခဲ့မိလေသလား ဒါမှမဟုတ် သူ့ကို အသိအမှတ်မပြုခဲ့ခြင်းလေလား အခုတော့ အဖျားသွေးတွေ စီးဆင်းပြီး ဟက်ချိုးတွေနဲ့ ည။ မိုးက တစိမ့်စိမ့် အအေးဓာတ်လေးက တသိမ့်သိမ့်နဲ့ ကော်ဖီပူလေး သောက်ရင်း နီးစပ်ရာ စာအုပ်ကို ဗီရိုထဲက ဆွဲထုတ်ယူပြီး ရောက်ချင်ရာရောက် လှန်လှောဖတ်လိုက်မိတော့...ဗုဒ္ဓဝင်ကျမ်းစာရဲ့ ဥရုဝေလ စာမျက်နှာ။ နေရဉ္ဇရာကမ်းစပ်က ငွေသောင်ယံအလွမ်းဇာတ်တွေရှိခဲ့ ဖူးတဲ့ ပဉ္စသီခ စောင်းလုလင်ကိုလည်း ခဏတော့ ရပ်ငေး ဖြစ်လိုက်သေးတယ်။ ချစ်သူအတွက် စောင်းတစ်လတ်နဲ့ ရင်တွင်းဖြစ် ဝေဒနာတွေ စီးဆင်းခဲ့တုန်းက ဒီဥရုဝေလ ကို အရင်းခံခဲ့တယ်မဟုတ်ပါလား။ တကယ်တော့ ပဉ္စသီခဟာ သူရိယဝစ္ဆသာကိုသာ အချစ်ဦးဖြစ်မှာ။ ဒါပေမယ့် မာတလိရဲ့သားနဲ့ ချစ်ကျွမ်းဝင်နှင့်သူမို့ စောင်းလုလင် ခမျာ ဒုတိယလူအဖြစ်နဲ့သာ ရပ်တည်လိုက်ရတယ်။ အချစ်ဦးပေမယ့် ဒုတိယလူ။ လိုရင်းကတော့ ချစ်ခရီးနဲ့အတူ ဘဝခရီးကို ကျေနပ်နှစ်သက်ပြီး အဓိပ္ပာယ်ရှိစွာ ရှင်သန်ရင်း တန်ဘိုးကြီးစွာ ဘဝကို နိဂုံးချုပ်နိုင် ဖို့ပါပဲလေ.... ဥရုဝေလအခြေခံတဲ့ ရင်တွင်းဖြစ်တေးသွားတွေကို မြတ်စွာဘုရားကတောင် အသိအမှတ်ပြုပြီး ချီးမွမ်းခဲ့တာမို့ သူ သီဆိုရကျိုး နပ်ခဲ့ပါတယ်။ ချစ်သောသူကလည်း သူ့ရဲ့ ရင်ထဲကို အသိအမှတ်ပြုခဲ့တယ် မဟုတ်လား။ အလွန့် အလွန် အရေးပါ အရာရောက်တဲ့ အသိအမှတ်ပြုခြင်းတွေ...။ ••••••••••••••••••••••••••••••••••••••••••• ဒီ ဥရုဝေလမှာပဲ ခြောက်နှစ်ကြာအောင် အမှောင်လမ်းမှာ စမ်းတဝါးဝါးနဲ့ အတ္တကိလမထကို အဝိဇ္ဇာအောက်မှာ ကျင့်သုံးခဲ့တဲ့ အလောင်းတော်... သီတင်းသုံးဖော် ငါးဦးတို့ရဲ့ အသိအမှတ်ပြုခြင်းမခံရတော့ တဲ့ ကာလတွေမှာတော့ တစ်ဦးတည်းသာ နေ့ညတွေကို ဖြတ်သန်းရရှာတယ်။ မဇ္စျိမလမ်းကို တစ်ကိုယ်ရေ ဖြတ်သန်း၊ လောကရဲ့ အလင်း ရှင်ဖြစ်ပြီးတဲ့အခါမှာတော့ ကျေးဇူးများခဲ့ဖူးတဲ့ သူတို့ငါးဦးကို ပညာမျက်စိဖွင့်ပေးနိုင်ဖို့အရေး ဥရုဝေလမှသည် မိဂဒါဆီထိ ကြွမြန်းတော်မူရတယ်။ မိဂဒါဝုန်မှာတော့ သားမျိုးစုံတို့ရဲ့ လွတ်မြောက်မှုနယ်မြေပေါ့။ အရိယာတို့ရဲ့ သက်ရာ ဆင်းရာ မဟာအောင်မြေ...။ ခပ်လှမ်းလှမ်းမှာ စကြာရွှေဖဝါးနဲ့ ကရုဏာခြေလှမ်းပိုင်ရှင်ကို မြင်တော့ ပဉ္စဝဂ္ဂီတို့ အချင်းချင်းတီးတိုးတိုင်ပင်ထားကြတယ်။ အသိအမှတ်မပြုကြစတမ်း တဲ့။ ဘုန်းရှိန် ကံရှိန် ပါရမီအရှိန်တို့သည် ကြီးမားပေစွတကား။ ပြိုင်တူထားခဲ့သော ကတိတွေသည်လည်း ပြိုင်တူပင် ပျက်ပြယ် ကုန်ကြ၏။ အရှင့်ခြေဖဝါးကို စင်ကြယ်စေခြင်း၊ အရှင့်ရဲ့အမောအပန်းကို ပြေပျောက်စေခြင်းငှာ ပျူပျူငှာငှာနဲ့ ပြန်လည် အသိအမှတ်ပြုလိုက်ကြတယ်။ မထေမဲ့မြင်ပြုခြင်း မာနထားခြင်းတို့သည် တခဏတော့ ငြိမ်ဝပ်ကုန်ကြ၏။ ဣသိပတန၏ ညနေဆည်းဆာ။ အရှေ့ကျွန်းမှပေါ်ထွန်းလာသော ငွေလဝန်းနှင့် အနောက်ကျွန်းတွင် ဝင်လုလုဖြစ်နေသော ဖန်နေဝန်းတို့ မျက်နှာချင်းဆိုင်မိကြချိန်... ဘေးမဲ့သားကောင်တို့၏ လုံခြုံအေးချမ်းသော လွတ်လပ်ခြင်း သည် အနားယူအိပ်စက်ချိန်များ၌ပင် နှစ်ခြိုက်ချင်စရာ။ ချမ်းမြေ့စွာနဲ့ ဝမ်းစာရှာပြီး အပူပင်ကင်းစွာ အိပ်စက်ခါနီး ညနေချမ်းမှာ လူသား ခြောက်ဦးတို့ရဲ့ တီးတိုးစကားတွေကို နားစွင့်နေကြမလား။ မကြာခင်မှာ တီးတော့မယ့် တရာစည်ကြီးဆီကို စိတ်လောနေ ကြမလား... လေပြေနုအေးတို့ တသွေးသွေးနှင့် မိဂဒါ၏ရင်ခွင်သည် နေသာလွန်းလှနေပေလိမ့်မည်။ ••••••••••••••••••••••••••••••••••• သစ္စာတရားကိုသိပြီ၊ ငါဘုရားဖြစ်ပြီ ဟူသော စကားတို့သည် ယုံတမ်းစကားတွေသဖွယ်... အရိုးပေါ်အရေတင်လို့ နေလောင်ထားတဲ့ ဘူးသီးနုလို ဦးခေါင်းရှုံ့တွနေအောင် ကမ္မဋ္ဌာန်းစီးဖြန်းခဲ့သူ... ပုတီးကုံးသဖွယ် ကျောရိုးဆစ်တွေကို အတိုင်းသားမြင်ရပြီး မခြွေရဘဲ ကြွေကျတော့မယ် ခန္ဓာကိုယ်ထိ အဆင်းရဲခံခဲ့သူ... မျှော်လင့်ထားသလိုမဖြစ်လာတော့ စိတ်ပျက်ခြင်းများစွာနဲ့ ပစ်ထားခံခဲ့ရသူက အခုလို ကျန်းမာဝဖြိုးပြီး အလှတိုးလာ အောင် ရှာဖွေစားသောက်ပြီး မကြာခင်မှာ ဘုရားဖြစ်ပြီလို့ ပြောတာ ရယ်တော့ ရယ်ချင်စရာကောင်းသား။ အရှင့်သား တစ်ပါးအနေနဲ့သာ လက္ခံနိုင်ပြီး ဘုရားတစ်ဆူ အနေထားကိုတော့ လားလားမျှ အသိအမှတ်မပြုနိုင်... ပုထုဇဉ်တို့မည်သည် အကြောတင်းပေစွတကား။ သို့သော် အချိန်မှီပြင်ဆင်နိုင်ခဲ့တဲ့ အခြေခံမူကြမ်းကြောင့် ဘုရားဖြစ်ကြောင်းကို အသိအမှတ်ပြုနိုင်ခဲ့ကြတယ်။ ဓမ္မစကြာနဲ့အတူ သံဃာရတနာတို့ ပေါ်ထွန်းလာခဲ့တယ်။ သစ္စာပန်းတွေပွင့်လန်းခဲ့တယ်။ အရိယာလမ်းတွေ ဖြောင့်တန်းခဲ့တယ်။ သာသနာ့ရေစီးကြောင်းတွေရဲ့ မြစ်ဖျားခံခဲ့ရာဒေသဖြစ်ခဲ့တယ်။ အချိန်မှီလိုက်တဲ့ အသိအမှတ်ပြုခြင်းတွေ။ ••••••••••••••••••••••••••••••••••••• (၂) ဘဝရဲ့ အရသာက ခါးသက်သက်မို့ ကော်ဖီခါးခါးနဲ့ ထပ်ပြီး ဇွတ်မြိုချပစ်လိုက်တယ်။ လမ်းလျှောက်ရင်း လမ်းပျောက်နေတဲ့အခါတွေဆိုရင် နာကျင်ခြင်းတွေကနေရာယူလာတယ်။ ကြင်နာခြင်းတရားတွေ ခေါင်းမြီးခြုံသွားကြတိုင်း မလုံ့တလုံနဲ့ နှလုံးသားကို ကိုယ်တိုင် သာ ပြန်ထွေးပိုက်ထားရတယ်။ ကိုယ့်ရင်ဘက်ကိုသာ ကိုယ့်အတွက် ကတုတ်ကျင်းသဖွယ်ရင်းနှီးထားတဲ့သူမို့ တိုးဝင်လာ သမျှ ကျည်ဆံတွေကို အောင့်ကာနမ်းရတဲ့ဘဝတွေက တကယ်ကို ခါးသီးလွန်းလှတယ်။ တွန့်တိုလွန်းလှသော အသိအမှတ်ပြုမှုများ.....။ စိတ်ဓာတ်ကျတိုင်း၊စိတ်အားငယ်တိုင်း ဗုဒ္ဓဝင်ကိုသာ ယူယူဖတ်မိတဲ့ အလေ့အကျင့်သည် အသားရနေပြီကော... ကမ္ဘာ့အကောင်းဆုံး အတ္ထုပ္ပတ္တိကို ဟိုလှန် ဒီလှန်နဲ့ ဥရုဝေလမြိုင်နန်းကနေ မခွာနိုင်ပြန်ဘူး။ သူကတော့ ဥရုဝေလကဿပ။ ဂယာကဿပ နဲ့ နဒီကဿပတို့ရဲ့ နောင်တော်။ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းပြီး ဘုရားရှင်ကို တဆင့်နှိမ့် ဆက်ဆံခဲ့တဲ့သူ... တန်ခိုးကြီးမှန်းသိပါလျက်နဲ့ ငါ့လိုတော့ ရဟန္တာမဟုတ်ပါဘူး ဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုယ်ကိုယ် တူးဖြိုမိတော့မလို့။ ပုထုဇဉ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်တော့ အထင်ကြီးတတ်တဲ့သတ္တဝါ။ သွယ်ကာ ဝိုက်ကာနဲ့ ပညာပေးမရတဲ့အဆုံး ခပ်တုံးတုံးသတ္တဝါ လို့ ယတိပြတ် ဆုံးမတော့မှ သူမာန်ချရှာတယ်။ ငါသာရဟန္တာလို့ အကြောတင်းစွာနဲ့ ဘုရားရှင်ကို ပွင့်လင်းစွာ အသိအမှတ်မပြုခဲ့ဘူး။ ဥရုဝေလဇာတ်လမ်းတွေကို လွမ်းမောစွာ ပြန်သုံးသပ်ရင်း ကဿပညီနောင်တို့ရဲ့ ကျွတ်တမ်းဝင်ခဏ်းကို ကြည်နူးစွာ အဆုံးသတ်လိုက်ပြန်တော့ တန်ဘိုးကြီးလှတဲ့ အသိအမှတ်ပြု ခြင်းတွေကို မြတ်နိုးနေမိပြန်တယ်။ ခေါင်းစဉ်အမျိုးမျိုးရဲ့အောက်မှာ အသိအမှတ်ပြုခြင်းတွေ နှောင့်နှေးခဲ့ကြတယ်။ ကမ္ဘာစစ်ကြီးရဲ့ အရင်းမြစ်ဟာ ဗြဟ္မစိုရ်တရားတွေနဲ့ အသိအမှတ်မပြုခဲ့ရာကစတယ်။ စားပွဲဝိုင်းမှာ အသိအမှတ်မပြုကြဘဲ အသွေးအသက်တွေနဲ့ စစ်မီးပွားကြတယ်။ ပြည်သူတွေကိုမငဲ့တဲ့ မာနဆိုးတွေကြောင့် အတ္တမီးတွေ ပွားစီးကြတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားကိစ္စတွေ ဆွေးနွေးကုန်တယ်။ မိသားစု စကားဝိုင်းတွေ သွေးအေးကုန်တယ်။ သူငယ်ချင်းတွေ ပြတ်စဲကုန်တယ်။ ဆရာတပည့်တွေ တစ်ခန်းရပ်ကြတယ်။ ချစ်သူတွေလမ်းခွဲကုန်ကြတယ်။ အနည်းဆုံးတော့ နင့်နေအောင် ကြေကွဲရတယ်။ အရေးမပါ အရာမဝင်သလို သိမ်ငယ်ခံစားရတယ်။ ငြိမ်းချမ်းခြင်းတွေ ဝေးကွာရတယ်။ တနုံ့နုံ့နဲ့ ရင်တွင်းဖွဲ့ဝေဒနာတွေ ခိုင်မာလာတဲ့အခါ အရာအားလုံးကို အရှုံးပေးလိုက်ချင်တော့တယ်။ ဒါမှမဟုတ် ဖြစ်လိုရာဖြစ် ညစ်တွန်း တွန်းချင်မိကြတယ်။ အသိအမှတ်ပြု မခံရခြင်းနဲ့အတူ အသိအမှတ်မပြုလိုက်ရခြင်း တို့ရဲ့ ဘေးထွက်ဆိုးကျိုးဟာ ကြီးမားတတ်တာတွေ့ရတယ်။ ဘဝဟာ သိပ်တိုတယ်။ ရင်အပူမီးတွေနဲ့ သောကဟာ ရှည်လျားလွန်းလှတယ်။ ••••••••••••••••••••••••••••••••••• (၃) အချိန်ကြာမြင့်စွာ ဆိတ်ငြိမ်ခြင်းကို ဘေးအိမ်က ကြက်ဖကြီး က ဖောက်ခွဲပစ်သံကြားမှ နာရီကို ကြည့်မိတယ်။ မနက် လေးနာရီ ထိုးခါနီးပြီ။ မနှစ်ခြိုက်မယ့်အတူတူ အမိုက်ခံပြီး အိပ်မနေတော့တဲ့ ညတွေ များ...များလာခဲ့ပြီ။ ခပ်လှမ်းလှမ်း ဝေးဝေးဆီက မနက် တုံးခေါက်သံတွေ ကြားနေရပြီ။ ထင်ရှားလိုက် ဝေဝါးလိုက်နဲ့ တစ်ချက်ချင်းခေါက် သံ၊အဆက်မပြတ်ခေါက်သံ သာယာနာပျော်ဖွယ် ကုလားတက်သံ။ အရုဏ်ဦးရဲ့ တေးဂီတ။ နေ့တစ်နေ့ရဲ့ နှိုးဆော်သံ။ အိပ်ရေးဝသူတို့ရဲ့ ခွန်အားသစ်တွေနဲ့ ရှေ့ဆက်တော့မယ့် အနာဂတ်။ အိပ်ပျက်သူတစ်ယောက်အတွက်တော့ ရင်က တလှပ်လှပ်။ အေးစက်နေတဲ့ ကော်ဖီခွက်ကို ခပ်ခါးခါးမော့ပြီး မထူးဇာတ် ခင်းလိုက်တယ်။ ဟောင်းနေတဲ့မျက်နှာကို ရေအေးအေးနဲ့ သစ်ချလိုက်ပေမယ့် စိတ်ဓာတ်က သစ်လွင်မလာဘူး။ နွမ်းလျတဲ့ကိုယ်ကိုဝပ်တွားပြီး ရှင်တော်မြတ်ဘုရားကို မော်ဖူးလိုက်ပြန်တဲ့အခိုက်တော့ တဒင်္ဂငြိမ်းအေးသွားသလိုလို... လမ်းပေါ်မှာ လူတွေ သွားလာလှုပ်ရှားနေကြပြီ။ ကားသံတွေ၊ ဆိုင်ကယ်သံတွေ၊ ဈေးလှည်းသံတွေ။ ကြက်တွန်သံတွေ၊ တီတာခွန်းဖွဲ့တဲ့ ကျေးငှက်သံတွေ။ ကျန်းမာရေးအတွက် လမ်းလျှောက်သူလျှောက် ဝမ်းစာရှာရင်း လမ်းပျောက်သူပျောက်။ ကိုယ့်စိတ်ကလည်း ဟိုရောက် ဒီရောက်။
#ဓမ္မအလင်းရောင် (ပင်လုံမြေ) 25.5.2023.4:20 AM.