ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ပတ်သက်၍
ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ပတ်သက်၍
==========================
သိမှတ်ဖွယ်ရာများ
============
All you need to know about urinary tract infection
1. ဆီးလမ်းကြောင်းပိုးဘာကြောင့်ဝင်တတ်သလဲ၊ဘယ်လိုလူတွေမှာ အဖြစ်များသလဲ?
- အဓိက ဖြစ်စေတာကတော့ ဘက်တီးရီးယား ပိုးမွှားတွေကြောင့်ပါပဲ၊ အဖြစ်စေတတ်ဆုံး ပိုးကတော့ အီးကိုလ်လိုင်(E.coli) လို့ခေါ်တဲ့ အစာအိမ် အူလမ်းကြောင်း စအိုဝ တစ်လျှောက်မှာ နေထိုင်တဲ့ ပိုးကြောင့်ပါပဲ။
- ဆီးပိုးဝင်ခြင်းဟာ အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များတယ်။ အကြာင်းကတော့ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ အမျိုးသားတွေထက် တိုတာရယ်၊ ဆီးလမ်းကြောင်း အဝင်ဝ မိန်းမကိုယ်နဲ့ စအိုဝ ပိုပြီးနီးနီးစပ်စပ် ရှိတာရယ်၊ အလေးသွားပြီးတဲ့နောက် သန့်စင်တဲ့ ပုံစံ မမှန်တာတွေရယ်ကြောင့်ပါ။
- တစ်ခြားအဖြစ်များတဲ့ အုပ်စုတွေအနေနဲ့ကတော့ ဆီးချိုလူနာများ၊ ဆီးလမ်းကြောင်း ကျောက်တည်သောသူများ၊ ဆီးလမ်းကြောင်း ဆီးပိုက် ရေရှည်ထဲ့ထားရသောလူနာများ၊ အာရုံကြောရောဂါများကြောင့် ဆီးအိမ် အလုပ်ကောင်းကောင်းမလုပ်နိုင်သောသူများ၊ ဆီးကျိတ်ရောဂါရှိသူ အမျိုးသားများ၊ ခန္ဓာကိုယ် ခုခံအားကို ဖိနှိပ်သည့် ဆေးများသောက်နေသော သူများ(ဥပမာ ကျောက်ကပ်၊အသဲ အစားထိုးလူနာများ)၊ ကင်ဆာရောဂါအတွက် ဆေးသောက်၊သွင်းနေရသော သူများပဲဖြစ်ပါတယ်။
2. ဆီးလမ်းကြောင်း ပိုးဝင်လျှင် သိရှိနိုင်မဲ့ ရောဂါလက္ခဏာများ
- ဆီးကျင်၊ဆီးပူ၊ဆီးအောင့်ခြင်း
- ဆီးခဏခဏသွားပြီး ဆီးကျန်သလို ခံစားရခြင်း
- ဆီးအရောင်နောက်ပြီး အနံ့အသက် မကောင်းခြင်း
- ဆီးအိမ်ရှိရာ ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း
- ဒီ့ထက်ပိုဆိုးရင် ကျောက်ကပ်ကိုပါပိုးဝင်တတ်ပြီး အဲ့တာဆိုရင်တော့ ချမ်းတုန်ဖျားမယ်၊ အော့အန်မယ်၊ ခါးနာမယ်၊ ကျောအောင့်မယ်၊
စတာတွေ ခံစားရပါမယ်။
3. ဆီးလမ်းကြောင်းပိုးဝင်တာ ဘယ်လိုစစ်ဆေးလျှင် သိနိုင်မလဲ ?
- ဆီးစစ်ခြင်း၊ ဆီးပိုးမွေးခြင်း၊ သွေးစစ်ခြင်း ကနေသိနိုင်ပါတယ်။
- ကျောက်ကပ်ကိုပိုးဝင်တယ်လို့ သံသယရှိရင် ဆရာဝန်ရဲ့ စမ်းသပ်မှုပေါ်မူတည်ပြီး အာထရာဆောင်း ၊ စီတီစကင်မ် ရိုက်ဖို့ထိ လိုအပ်နိုင်ပါတယ်။
4. ဆီးလမ်းကြောင်းပိုးဝင်တာဘယ်လိုကုသကြမလဲ ?
- အရေးအကြီးဆုံး အချက်က ဆီးပိုးဝင်တာကိုအတတ်နိုင်ဆုံး အစောဆုံးသိရှိဖို့နဲ့ ဆေးကုသမှုခံယူနိုင်ဖို့ပါ။
- အကြမ်းအားဖြင့်ဆီးပိုးဝင်ရင် ရေများများသောက်ရပါမယ်။
- ဆီးအဖြေ သွေးအဖြေပေါ်မူတည်ပြီး ဆရာဝန်ညွှန်ကြားသော ပိုးသတ်ဆေးကို ဆေး ပတ်လည်အောင်သောက်ရပါမယ်။ ဒီလိုမှမဟုတ်လျှင် နောက်တစ်ကြိမ် ဆီးပိုးဝင်တဲ့အခါ ပိုးသတ်ဆေးမတိုးတော့တာ/ဆေးယဉ်ပါးသွားတာ ဖြစ်နိုင်ပါတယ်။ အများအားဖြင့် ၃ ရက်မှ ၅ရက် အထိသောက်ပေးရပါမယ်။ အသုံးများတဲ့ပိုးသတ်ဆေးတွေကတော့ amoxicillin/Cefalexin /Nitrofurantoin/Trimethoprim(Septrin)/ Ciprofloxacin တို့ဖြစ်ပါတယ်။ ဒီနေရာမှာ သတိချပ် စေချင်တာက ဆီးပိုးအဖြေရလာတဲ့အခါ ဆီးပိုး အမျိုးအစားပေါ်မူတည်ပြီး သက်ဆိုင်ရာပိုးသတ်ဆေး အမျိုးအစားကို ပြောင်းလဲ သောက်ပေးရမှာဖြစ်ပါတယ်။
- ဒီထက်ပိုဆိုးလို့ ကျောက်ကပ်ထဲပိုးဝင်ရင်တော့ သောက်ဆေးနဲ့မလုံလောက်တော့ပါ။ ဆေးရုံတက် ပိုးသတ်ဆေးအကြောဆေးသွင်းပြီးကုသဖို့လိုနိုင်ပါတယ်။
5. ဆီးလမ်းကြောင်းပိုးမဝင်စေရန် ဘယ်လိုကာကွယ်ကြမလဲ?
- တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။
- အတွင်းခံ အဝတ်များကို သန့်သန့်ရှင်းရှင်းလျှော်ဖွပ်ပါ။
- ဆီးမအောင့်ထားပဲ ဆီးသွားလျှင် ဆီးကုန်တဲ့ထိသွားပါ။ ဆီးမကျန်ပါစေနဲ့။
- အမျိုးသမီးများ အညစ်အကြေးစွန့်ပြီးပါက အရှေ့မိန်းမကိုယ် ဆီးလမ်းကြောင်းမှ အနောက်ဘက် စအိုဘက်သို့ သန့်ရှင်းရေးလုပ်ရပါမယ်။ ဒီလိုမှမဟုတ်လျှင် အူလမ်းကြောင်း စအိုမှ ပိုးတွေ ဆီးလမ်းကြောင်းဘက်ကို ကူးလာတတ်ပါတယ်။
- အမျိုးသမီးများ အမျိုးသားနှင့် အတူနေပြီးပါက ဆီးကုန်အောင်သွားပေးရပါမယ်။
- ကိုယ်ဝန်ဆောင်များ ဆီးပိုးဝင်တယ်လို့ သံသယရှိပါက ဆရာဝန်နဲ့ ပြသပြီးအမြန်ဆုံး ကုသမှုခံယူပါ။
လေးစားစွာဖြင့်#မှော်ဝင်ရတနာ
0 Comments
Post a Comment