ရာသီဆောင်းထဲကို ကျူးကျော်ဝင်ရောက်လာတတ်တဲ့
မိုးစက်တွေကို မတက်သာတဲ့အဆုံး ပြုံးပြီး လက်ခံထားလိုက်ရတဲ့ကာလတွေရှိတယ်။
မနှစ်ခြိုက်သော်လည်း အမိုက်ခံပြီး သည်းခံရတဲ့လောကဓံတွေကြားမှာ ဆန္ဒနဲ့ဘဝဟာ ထာဝရဗျာများနေရသလိုလို..
လောဘဆန်တဲ့ဆန္ဒမို့ သမုဒယတစ်နွယ်ငင်လိုက်မယ်ဆိုရင် ဖြစ်နေတဲ့ဘဝဒုက္ခတွေက တစ်စင်လုံးပါလာလေရော့မယ်ထင်...။
ဥပါဒါန်မှန်ဘီလူးကို ခဏတာချွတ်ပြီး
လောကရဲ့အရှိတရားတွေကို အရှိတရားအတိုင်း..
လောကရဲ့ အမှန်တရားတွေကို အမှန်တရားအတိုင်း
သစ္စာဖွဲ့တတ်ဖို့ အရေးကြီးမှန်းသိလာခဲ့တယ်။
အနာဂတ်ကို ပိုင်စိုးဖို့အတွက် အတွေးဟောင်းတွေကို
ပြောင်းပစ်ဖို့သတ္တိတော့ လိုတာပေါ့..
ဘာမှစိုက်ပျိုးလို့ မဖြစ်ထွန်းတဲ့ ရင်ဘက်ပေါ်မှာ
ဝေဒနာမျိုးစေ့တွေ စေတနာပျိုးခင်းတွေနဲ့ ၊
ပေါင်းမြက်သင် ဘောင်တင်မြေဆွ ..
တယုယယ ပြုစုနေရင်းကိုပဲ အနတ္တမိုးခါးရေကြောင့်
အရာမထင်ခဲ့ကြဘူးမဟုတ်လား။
သစ္စာတရားကို မဖြစ်မနေသိအောင် ကြိုးစားရတော့မယ်
လို့ လက်ခံလိုက်ပြီးတဲ့နောက်မှာ ဗုဒ္ဓရဲ့ ရင်ခွင်ကို ပြေးမြင်မိတယ်။
စကခြုံဥဒပါဒိ။ ဉာဏံဥဒပါဒိ။ ပညာဥဒပါဒိ။
ဝိဇ္ဇာဥဒပါဒိ။ အာလောကောဥဒပါဒိ။
•••••••••••••••••••••••••••••••••••••••••••
စာမေးပွဲပြီးရင် အေးဆေးပြီလို့ ယူဆထားခဲ့သမျှဟာ
တကယ်တမ်းစာမေးပွဲပြီးချိန်မှာ တက်တက်စင်လွဲနေပြန်ပေါ့။
ကိုယ့်အဖွဲ့တွေကလည်း နောက်တစ်နှစ်အတွက်
နောက်တစ်ဆင့်အတွက် နောက်ထပ်အသိပညာတွေ
ဆည်းပူးဖို့ ထက်သန်တဲ့သဒ္ဓါတရား ပြဌာန်းလာသောအခါ
သူတို့ကို အားကျအတုယူပြီး ကိုယ်လည်း ရှေ့ကိုနည်းနည်း
ထပ်တိုးကြည့်ချင်ပြန်တယ်။ ခရီးဝေးဝေးများ ပိုရောက်မလားပေါ့။
ဝိသုဒ္ဓိမဂ်ဆိုတာကြီးကို မမှီ့တမှီမော်ကြည့်ဖူးရုံနဲ့ တစ်ခန်းရပ်
ခဲ့ပြီး မာတိကာ,ဓာတုကထာ နဲ့ အဘိဓမ္မတက္ကသိုလ်အဝေး
သင်ကို အရဲစွန့်ပြီး ကြံစည်ထားမိပြန်တယ်။
သုတ ဓမ္မ ဒီပလိုမာ Level 1 မမှီလိုက်ရလို့ နှမြောစိတ်ကို
အသာလေးပြန်ထိန်းရင်း လာမယ့်အပတ်စဉ်ကို မသိမသာ
ခိုးခိုးချောင်းနေမိပြန်သေး။
ဘဝသံသရာအဆက်ဆက် မရေမတွက်နိုင်အောင် ထူထပ်
နေတဲ့ ဒီဥပါဒါန်ကို တစ်လွှာချင်းခွာချဖို့အတွက်
ပြင်ဆင်မွမ်းမံနေခြင်းပါလို့ ဆင်ခြေတစ်ရပ်ပေးလိုက်ရုံနဲ့
နောက်ကျောတော့လုံသွားသလိုလို...
ပုထုဇဉ်ရပ်ဝန်းထဲမှာ
အတွယ်တာမကင်းသေးသူဖြစ်သည့်အလျောက်တော့-
သမုဒယနွယ်ကို ဆုပ်ကိုင်ထားမှ ခွန်အားကပြည့်ဝသလိုလို..
နွယ်....
နွယ်ဆိုတာ ရစ်ပတ်ခြင်းကို ပြဌာန်းပေမယ့်
ဆုပ်ကိုင်အားယူပြီး လျှောက်လှမ်းတတ်ရင်
ပန်းတိုင်ဆီ ရောက်ဖို့အတွက်
အားကြီးသော အထောက်ပံ့ကောင်းဖြစ်ရမှာပေါ့လေ။
#ဓမ္မအလင်းရောင်(ပင်လုံမြေ)
ဥပါဒါန် အမြင်
ဥပါဒါန်အမြင်
••••••••••••••••••••
0 Comments
Post a Comment