#ရာသီသွေးဆင်းတာရက်ကြာနေပြီဆိုရင်
မိန်းမသားတစ်ဦးရာသီသွေးဆင်းရင် ပမာဏများခြင်း၊ရက်ရှည်ကြာခြင်းကို Menorrhagia လို့ခေါ်ပါတယ်။ အမျိုးသမီးတော်တော်များများဟာ မိမိကိုယ်ကိုယ်မိမိ သွေးဆင်းတာကြာနေပြီ ရက်ရှည်နေပြီလို့ သတိမပြုမိကြတာများပါတယ်။ ရာသီလာတာများလေကောင်းလေ ရက်ရှည်တာကောင်းလေ သွေးပိုသန့်လေဆိုတဲ့ အယူအဆမှားတွေလည်းရှိတတ်ပါတယ်။ #Menorrhagiaဖြစ်နေတာကိုပြတဲ့ရောဂါလက္ခဏာတွေကတော့ -တစ်နာရီတစ်ခါ pad အသစ်လဲရအောင်ကို သွေးဆင်းများခြင်း၊နာရီများစွာဆက်တိုက် လဲလှယ်ပေးနေရခြင်း -ညဘက်မှာ pad အသစ်တစ်ခါလဲဖို့ အိပ်ရာကနေထရခြင်း -ရာသီသွေးဆင်းတာတစ်ပတ်ကျော်ခြင်း -သွေးခဲများဆင်းခြင်း -ပုံမှန်ပြုလုပ်နေကျ လုပ်ငန်းဆောင်တာများ မဆောင်ရွက်နိုင်ခြင်း -မောပန်းခြင်း၊ နုံးခြင်း၊ ဖျော့တော့ခြင်းစသည့် သွေးအားနည်းလက္ခဏာများခံစားနေရခြင်းစတာတွေပဲဖြစ်ပါတယ်။ #ဒီလိုရာသီသွေးဆင်းတာရက်ရှည်ခြင်း_ရာသီလာတာများခြင်းဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ -ဟော်မုန်းမညီမျှခြင်း Polycystic Ovary Syndrome(PCOS)ရောဂါ၊ အဝလွန်ရောဂါ၊ သိုင်းရွိုက်ရောဂါနဲ့ Insulin Resistance ဖြစ်နေခြင်း စတဲ့အခြေအနေတွေမှာ ဟော်မုန်းမညီမျှတော့ဘဲ Menorrhagia ဖြစ်တတ်ပါတယ်။ -သားဥအိမ်များပုံမှန်အလုပ်မလုပ်ခြင်း -သားအိမ်မှာကင်ဆာမဟုတ်သောအလုံး(fibroid)ရှိနေခြင်း -သားအိမ်အနားသတ်မှာ သေးငယ်သော ကင်ဆာမဟုတ်သောအလုံးရှိနေခြင်း(polyps) -Adenomyosis( သားအိမ်နံရံက ဂလင်းများဟာ သားအိမ်ကြွက်သားတွေမှာ စုပုံနစ်မြုပ်နေခြင်းကြောင့် ရာသီလာတဲ့အခါ နာကျင်ပြီး ရက်ရှည်ခြင်း) -သားအိမ်တွင်းIUDထည့်ထားခြင်း -ကိုယ်ဝန်ရှိချိန်တွင် သားပျက်စားလျှောဖြစ်ခြင်း၊ အချင်းအနေအထားမမှန်ခြင်း -သားအိမ်ကင်ဆာနဲ့သားအိမ်ခေါင်းကင်ဆာ -Von-Willebrand's disease ကဲ့သို့ မွေးရာပါသွေးမတိတ်နိုင်သောရောဂါရှိခြင်း -အကိုက်အခဲပျောက်ဆေးများ၊ အီစရိုဂျင်၊ ပရိုဂျက်စတင်စသော ဟော်မုန်းဆေးများ နှင့် သွေးမခဲစေသော Warfarin ကဲ့သို့ဆေးဝါးများ သောက်သုံးနေမှုကလည်း ရာသီသွေးများခြင်းကိုဖြစ်စေနိုင်ပါတယ်။ #ရာသီလာတာရက်ရှည်ရင်နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ * သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။ ကိုယ်ခန္ဓာထဲက သွေးနီဥတွေ ဆုံးရှုံးသွားလို့ပါ။ သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းခြင်းကိုလည်း ဖြစ်စေပါတယ်။ သွေးအားနည်းခြင်းရဲ့ လက္ခဏာတွေကတော့ အသားအရည်ဖျော့တော့လာခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း ၊ နုံးချိနေခြင်း စတာတွေကို ခံစားရမှာဖြစ်ပါတယ်။ * ပြီးတော့ နာကျင်ကိုက်ခဲမှုတွေလည်းကြုံတွေ့ရနိုင်ပါတယ်။ ဝမ်းဗိုက်မှာ ရစ်ပြီးနာကျင်တဲ့ ဝေးနာကိုခံစားရနိုင်ပါတယ်​။ ရာသီသွေးကလည်း အင်မတန်များနေပြီး ဗိုက်လည်းတအားအောင့်နေမယ်ဆိုရင်တော့ ဆေးခန်းပြရမှာပါ။ #ဘယ်အချိန်မှာဆရာဝန်နဲ့ပြသပြီးဆေးကုသမှုခံယူမလဲ? -ရာသီလာတာ တစ်နာရီတစ်ခါ pad လဲရတဲ့အထိများပြီး နှစ်နာရီထက်ကျော်တဲ့အခါ -ဓမ္မတာစက်ဝန်းနှစ်ခုကြားထဲမှာသွေးဆင်းရင်၊ စက်ဝန်းပုံမှန်မဟုတ်ရင် -သွေးဆုံးပြီးမှ သွေးပြန်ဆင်းရင် စတဲ့အခြေအနေတွေဖြစ်ရင် ဆရာဝန်နဲ့ပြသပြီးကုသမှုခံယူသင့်ပါတယ်။ သွားရောက်ကုသမှုခံယူတဲ့အခါမှာ လိုအပ်တဲ့စစ်တေးမှုတွေပြုလုပ်ရပါတယ်။ အဲဒါတွေကတော့ * သွေးစစ်ခြင်း (သွေးအားနည်းခြင်းကိုသိရှိနိုင်ရန်နဲ့ သိုင်းရွိုက်ပြဿနာများရှိမရှိသိနိုင်ရန်ဖြစ်ပါတယ်) * သားအိမ်ခေါင်းအချွဲမြှေးယူခြင်း * သားအိမ်အသားစယူခြင်း * တီဗီဓာတ်မှန်(Ultrasound)ရိုက်ခြင်း စသည်တို့ကို လိုအပ်သလို ပြုလုပ်ရမှာဖြစ်ပါတယ်။ #ကုသမှုပေးရာမှာ * လူနာရဲ့ကျန်းမာရေးအခြေအနေအားလုံးကိုခြုံငုံကြည့်ရပါတယ် * ဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ရောဂါပြင်းထန်မှုကိုဆုံးဖြတ်ပါတယ် * နောက်ပိုင်းမှာရာသီသွေးပြန်နည်းသွားနိုင်လားစဉ်းစားပါတယ် * ကလေးယူဖို့အစီအစဉ်ရှိမရှိနဲ့ * ဘဝနေထိုင်မှုပုံစံတွေအပေါ်မူတည်ပြီး ကုသကြပါတယ်။ #ဆေးဝါးများအနေနဲ့ * NSAID ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးများ * Tranexamic Acid ကဲ့သို့ ရာသီသွေးများတာကိုလျော့ကျစေတဲ့ဆေး * ကိုယ်ဝန်တားဆေး * Progesterone ပါဝင်သော ဟော်မုန်းဆေး * IUD ထည့်ခြင်း စသဖြင့် ဆရာဝန်ညွှန်ကြားမှုနဲ့တကွ သောက်သုံးရသော၊ လုပ်ဆောင်ရသော ကုသမှုတွေကို လိုအပ်သလိုခံယူရမှာဖြစ်ပါတယ်။ ရာသီသွေးဆင်းတာရက်အလွန်ရှည်ကြာခြင်း၊ပမာဏအင်မတန်များပြားခြင်းဟာ ရောဂါအခံတစ်ခုခုရဲ့ လက္ခဏာလည်းဖြစ်နေနိုင်တာကြောင့် ဒီလိုခံစားနေရရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ပြသသင့်ပါတယ်ဆိုတဲ့အကြောင်း ရေးသားလိုက်ရပါတယ်။ အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။ #မှော်ဝင်ရတနာ