အခွင့်ရေးဟူသည်.... 
🐅🐅🐅🐅🐅🐅🐅🐅🐅
 ညနက်သည်ထိ မအိပ်ဖြစ်သေးဘဲ စာအုပ်စာပေအကြောင်း တွေ နှစ်ယောက်သား ပြောနေဖြစ်ကြတယ်။ ဘဝကို စာပေကရတဲ့ အသိတွေပညာတွေနဲ့ တည်ဆောက်ထားကြသူချင်းတွေမို့ စာပေအကြောင်းပြောရင် မမောနိုင်ကြပါဘူး။ စာကြည့်တိုက်ကို ပေးလှူမယ့် စာအုပ်တွေပြတော့ ထူးထူးဆန်းဆန်း မင်းခိုက်စိုးစန် စာအုပ်လေးကို တွေ့လိုက်တယ်။ မင်းခိုက်စိုးစန် ဆိုတာ ဖတ်ဖူးလားဟင် လို့ မေးတော့ တစ်ချက်တော့ ပြုံးမိတယ်။ မင်းခိုက်စိုးစန် ရဲ့ ကြောင်တောင်တောင် ဇာတ်ကောင်တွေကိုအားကျအတုယူပြီး လူငယ်ဘဝမှာကြောင်တောင်တောင် အမူအကျင့်တွေ ဂျစ်ကန်ကန်စရိုက်တွေနဲ့ လူကြီးသူမတွေ မျက်မုန်းကျိုးအောင် နေထိုင်ခဲ့ဖူးတာပေါ့။ ကြာတော့ကြာခဲ့ပါပြီ ။ ပြန်ပြောကြပြီဆိုရင်တော့ အဖြစ်သနစ်တွေက လတ်ဆတ်နေမြဲ။ ပြန်ငယ်သွားသလို စိတ်ထားတွေလည်း နုပျိုလာသလိုလို...... မင်းခိုက်စိုးစန် ဇာတ်ကောင်တွေကြောင့် အပေတူးဖြစ်သွားခဲ့တဲ့လူငယ်ဘဝကို မင်းခိုက်စိုးစံရဲ့ အသိပညာပေးစာစုလေးတစ်ခုကပဲ ပြန်ပြီး ကယ်တင်သွားခဲ့ပါတယ်။ မင်းခိုက်စိုးစန်နဲ့ အကြည်တော် ကို အမြဲဖတ်ဖြစ်ခဲ့သလို နီကိုရဲ တို့ မျိုးကိုမျိုးတို့ကိုလည်း အလွတ်မပေးခဲ့ပါဘူး။ မောင်လှမျိုး(ချင်းချောင်းခြံ) ကိုတော့ အသဲစွဲပေါ့။ ••••••••••••••••••••••••••••••••••••••• အပေတူးစာပေ အလေလွင့်ဇာတ်ကောင်တွေကြားကနေ ရတနာလေးတစ်ပွင့်ကိုတော့ ဘဝအတွက် တန်ဘိုးမဖြတ်နိုင်အောင် ရခဲ့ဖူးပါတယ်။ အဲဒါက story လေးတစ်ပုဒ်ပါ။ လေလွင့်နေတဲ့ အတွေးတွေ၊ပေါ့ဆနေတဲ့ ကျင့်သုံးမှုတွေကြား မှာ ကျွန်တော်ဟာ တိုးတက်တဲ့ လူငယ်တစ်ယောက်ရဲ့ဘဝကို လည်း အမြဲစိတ်ကူးယဉ်လေ့ရှိသူပါ။ စိတ်ကူးသာယဉ်လေ့ရှိပြီးအသိဉာဏ်နဲ့ မယှဉ်နိုင်သေးခင်မှာ ဒီ ပုံဝတ္ထုလေးကို အပေတူးဇာတ်ကောင်တွေကြားမှာ ခလုတ်တိုက်ပြီး ကောက်ရလိုက်တယ်။ တိုက်မိတဲ့ခလုတ်ကို နှစ်ခါ သုံးခါ ပြန်ကြည့်တော့မှ ရတနာလေးဖြစ်နေခဲ့တယ်။ အဲဒီ ပုံဝတ္ထုရဲ့ လိုရင်းကို ပြောပြမယ်။ အမြို့မြို့အနယ်နယ်ကို လှည့်လည်ပြီး ပြသတဲ့ ဆပ်က အဖွဲ့ထဲမှာ အဖမ်းခံထားရတဲ့ ကျားမကြီး တစ်ကောင်ရှိတယ်။ ကျားမကြီးကို လှောင်အိမ်သွင်းပြီး ထုတ်ပြလေ့ရှိကြတယ်ပေါ့။ ကျားမကြီးမှာ သားကလေးတစ်ကောင်ရှိလာတယ်။ ကျားမကြီးဟာ ဒီလို လှောင်အိမ်စံဘဝမှာ သိပ်စိတ်ဆင်းရဲရတယ်။ သူကတော့ ဒီဘဝ လွတ်အောင်မရုန်းထွက်တော့မှာ သေချာတာမို့ သားလေးကိုတော့ တဖွဖွ မှာတယ်။ အမေဟာ ဒီလိုပတ်ဝန်းကျင်ကမဟုတ်ဘူးသား အမေဟာ နက်ရှိုင်းပြီး လွတ်လပ်တဲ့ တောထဲမှာ ကျက်စားခဲ့ တဲ့သူပါ။ အခုတော့ လူတွေရဲ့ အသုံးချခံဖြစ်ပြီး လှောင်အိမ်ထဲမှာနေရတယ်။ လူတွေကို ဖျော်ဖြေရတယ်။ လက်ခုပ်သံတွေကြားမှာ အမေတို့က သူတို့ကို ပိုက်ဆံရှာပေးရတယ်။ ငါ့သားလေးက ကြီးရင် တောထဲ ရောက်အောင်သွားပါ တောထဲမှာ လွတ်လပ်တဲ့ အရသာရှိတယ်။ ကျားဆိုတာ တောထဲမှာပဲ ကျက်စားမှ ဘဝအဓိပ္ပာယ်ရှိတယ်။ ဒါကြောင့် အမေ့သားလေး တောထဲကို ရောက်အောင်သွားပါ လို့ အတန်တန်မှာကြားခဲ့ပါတယ်။ ကျားမကြီး ကွယ်လွန်သွားပြီးတဲ့ နောက်ပိုင်းမှာ သားလေး ဖြစ်တဲ့ ကျားလေးဟာ အမွေဆက်ခံပြီး မြို့တကာ နယ်တကာလိုက်ပြီး ဖျော်ဖြေပေးရတယ်ပေါ့။ ကျားလေးရဲ့ ရင်ထဲမှာ စွဲနေတာက ငါ့အမေပြောတဲ့ တောကြီးထဲကို ငါ သွားချင်လိုက်တာ လို့ အမြဲတွေးတောပြီး တောထဲကို အမြဲစိတ်ကူးယဉ်နေခဲ့တယ်။ တစ်နေ့မှာတော့ .... သူ့ကို တင်ဆောင်တဲ့ ကားက တောလမ်းတစ်ခုမှာ တိမ်းမှောက်သွားတယ်။ ကျားလှောင်အိမ်က ကားပေါ်က လိမ့်ကျပြီး သော့ခလောက်ကြီးပါ ပျက်စီးသွားလို့ လှောင်အိမ်တံခါးလည်းဝုန်းခနဲ ပွင့်ထွက်သွားတယ်။ တံခါးရဲ့အပြင်ဘက်ထိ ကျားလေးဟာ လွင့်စင်ကျသွားတယ်။ အိပ်ပျော်နေရာကနေ လန့်နိုးတော့ သူဟာ တောထဲကို ရောက်နေပြီ။ မျက်လုံးလေး ကလယ်ကလယ်နဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ တောထဲမှာဆိုတော့ လူသူတွေ မရှိဘူး။ လက်ခုပ်တီးသံတွေနဲ့ သူကို အားပေးသူမရှိနေတာနဲ့ ထပြီး လှောင်အိမ်ထဲ ပြန်ဝင်အိပ်နေလိုက်တယ်။ လူတွေက ပြေးလာကြပြီး တော်ပါသေးရဲ့ ကျားထွက်မပြေး သေးလို့ဆိုပြီး လှောင်အိမ်တံခါးကို အမြန်ပြန်ပိတ်ပြီး သော့အသစ်ပြန်ခတ်လိုက်ကြတယ်။ ခရီးဆက်သွားကြတော့ ကျားလေးဟာ အိပ်မပျော်တော့ဘူး။ သူစိတ်ကူးယဉ်နေတယ်။ ငါ့အမေပြောတဲ့ တောထဲကို သွားချင်လိုက်တာတဲ့။ ********************************* ကျွန်တော် ဒီစာလေးဖတ်စတုန်းက ငယ်ပါသေးတယ်။ ၁၄ နှစ် ၁၅ နှစ်ဝန်းကျင်ထင်ပါရဲ့။ ဖျက်ခနဲ့ မီးတစ်ချက်ပွင့်ထွက်သွားသလို ဖျင်းခနဲ တုန်လှုပ်မိတယ်။ အမေပြောတဲ့တော ငါသွားချင်တဲ့တော.... အခွင့်ရေးဟူသည်.... ပန်းတိုင်ဟူသည် ပြတ်သားတဲ့ အသိဉာဏ်နှင့်ယှဉ်ဖို့လိုပါသည်။ သွားချင်တဲ့ တောကိုတော့ တိတိကျကျအရင်သိဖို့လိုမည်။ သွားဖို့ အခွင့်လမ်းရနေသည့်တိုင် မိမိက အခွင့်ရေးမှန်း မသိလျှင်...... တစ်ခုခု ရလိုက်ကြပါစေ။ #ဓမ္မအလင်းရောင် ( ပင်လုံမြေ )