ဘဝနေနည်း အဘိဓမ္မာ(၃) . 🐢🐢🐢🐢🐢🐢🐢🐢🐢🐢🐢 . အစွေမိုးသည် အပျင်းဘက်ကို ဦးတည်စေ၏။ မရိုးနိုင်တဲ့ တောင်ပေါ်မြေရဲ့ ဂီတသံကို အိမ်ခေါင်မိုးမှတဆင့် သောတပသာဒသို့ ထိခိုက်နေခြင်းကြောင့် တဖြောက်ဖြောက် မည်သော မိုးညသံစဉ်သည် အေးစိမ့်စိမ့်နှင့် နေ၍ကောင်းနေတော့သည်။ အိပ်ရာထဲမှ မထွက်ချင်သူအတွက် ညတာသည် တိုလွန်းစွတကားဟု မြည်တမ်းရေရွတ်မိသည်။ အကယ်စင်စစ် မိုးလင်းနေပြီဖြစ်၏။ ဘေးအိမ်မှ ကြက်ဇနီးမောင်နှံတို့သည် စောစောစီးစီး ပွစိ ပွစိ ရွတ်နေကြသည်။ သူတို့ဘာသာစကားကို မိမိ နားမလည်သော်ငြား နားလည်လို နားလည်ငြား တိတ်တဆိတ်ခိုးနားထောင်ဖြစ်သည်။ မိမိအထင်မမှားဘူးဆိုလျှင် ကြက်ဖသည် ကြက်မအား ကြက်ဥ ဥရန် ဆောလျင်စွာတိုက်တွန်းနေပုံရသည်။ ကြက်မသည်ကား ဣတ္ထိဘာဝတို့၏ ဓမ္မတာနိယာမအတိုင်း မကျေမချမ်းနှင့် မြည်တွန်တောက်တီးနေပေ၏။ မပြေလည်သည့်အဆုံး ကြက်ဖသည် တစ်ခွန်းတည်းသော ရာဇသံကိုသာ ပုမ္ဘာဝတို့နိယာမအတိုင်း အမိန့်ပေးလိုက်သည်။ သို့သော် ကြက်မသည်လည်း မသတ္တဝါတို့နည်းတူ မချေမငံဖြင့် တစ်ခွန်း နှစ်ခွန်းတော့ ပြန်ခံပြောနေသေးသည်။ ဥ ကြီး..ကြီး.....ဥ....။🐔 တော့်နှယ်တော် တော်ရောပေါ့။🐤 ••••••••••••••••••••••••••••••••••••••••• ဖုန်းဖွင့်ပြီး နာရီကို ကြည့်တော့ မနက် ၇ နာရီကျော်။ မဖြစ်မနေ ထရတော့မှာပါတကားဟု နှလုံးသွင်းကာ လုံ့လ ဝီရိယ ပြဋ္ဌာန်းသောစိတ်ကို မွေးမြူရ၏။ ငါသည် မုချ ဆာတော့မည် အချိန်ပိုင်းသာလိုတော့သည်။ အဆာမဦးခင် အစာ ဦးအောင် ထမင်းကြော်ဆိုင် သွားဦးမည်ဟု ပစ္စုပ္ပန်အစာရှာမှီးရခြင်းဒုက္ခကို ဖြည့်ဆည်းရန် အမေ့မီးဖို ထဲသို့ ဝင်ခိုလိုက်ရသည်။ "သား ဒီနေ့ကော ဘုရားစာသင်တန်း ရှိတယ်လား" ဟူသော မိခင်အမေးကို ခေါင်းရမ်းပြလိုက်သည်။ "စနေ တနင်္ဂနွေ ၂ ရက်တည်းပဲလေ အမေ, ကြားရက်တွေ သင်တန်းမရှိပါဘူး" "သြော်..ဟုတ်လား ၊ ဒါနဲ့ သားကောင်မလေးကော အဲဒီသင်တန်း အတူတူတက်ကြတာလား" " သူက မတက်ဘူးအမေ , သူက စနေ တနင်္ဂနွေ ကွန်ပြူတာ သင်တန်းတက်နေတာတဲ့ " " အဲဒါကောင်းတာပေါ့ ဒီလို အကျိုးရှိတာလေးတွေ လုပ်ရမယ် ခုခေတ်က ဘယ်ပညာဖြစ်ဖြစ် တတ်ထားမှ " မိခင်စကားသည် မိမိကို စတင် ထိပါးလိုက်ပြီမှန်း သိပါသည်။ သို့သော် ခွန်းတုန့်မပြန်ချင်သည်မို့ မသိသလို မကြားသလို ဘာသိ ဘာသာ နေလိုက်သည်။ " သားအခုတက်နေတဲ့ အဘိဓမ္မာသင်တန်းက စာမေးပွဲဖြေရ တယ်ဆို..." " ဟုတ်တယ် အမေ ဆရာပြောတာတော့ ဒီဇင်ဘာလ စာမေး ပွဲဖြေရမယ်ပြောပါတယ်" " အဲဒါ အောင်ရင် ဘာရမှာလဲ" "ဗျာ.." "အဲဒီစာမေးပွဲအောင်ရင် ဘာရမှာလဲ လို့မေးတာ" မိခင်၏မေးလိုရင်းကို သိပေမယ့် ဖြေစရာ စကားလုံးများ ရုတ်တရက် ထွက်မလာသောကြောင့် အစားစားသလိုလို အခါးရည်သောက်သလိုလို ညာတာပါတေး နေနေလိုက်သည်။ "ငယ်ငယ်ရွယ်ရွယ်မှာ ဘဝတက်လမ်းရှိတဲ့ ပညာတွေသင်ဦးမှပေါ့ , ခုခေတ်က ပညာရေးမှာ ခေတ်မှီထားမှ အလုပ်အကိုင် အခွင့်လမ်းက ရတာမဟုတ်ဘူးလား" ပြောပြောဆိုဆိုနှင့် မိခင်သည် ပန်းကန်ဆေးရေဇလုံကို မကာ ထွက်သွားတော့သည်။ မိမိလည်း စကားထပ်မပြောလိုသည်နှင့် မြန်မြန်လက်စသိမ်း ပြီး အိမ်ပေါ်ပြန်တက်လာလိုက်ပါသည်။ ခက်ချေပြီ.... အဘိဓမ္မာသင်နေတာကို ကုသိုလ်ရသည် ဘုရားစာတွေဟု ​သာ သိထား၍ အတိအလင်း မတားမြစ်သော်လည်း မိခင်အပါဝင် အိမ်က လူတွေ သဘောမကျကြပေ။ အင်္ဂလိပ်စာ,စကားပြောသင်တန်း တက်နေသော သူငယ်ချင်းများ တရုတ်စာ သင်ယူနေသော သူငယ်ချင်းများနှင့် ကွန်ပြူတာသင်နေသော ချစ်သူ မျက်နှာ.. ပုံရိပ်တွေ ဖျက်ခနဲ မြင်ယောင်မိသည်။ သူတို့လည်း တားမြစ်ခဲ့ကြသည် မဟုတ်ပါလား။ အလုပ်အကိုင်နှင့် ပိုက်ဆံရရေးအတွက် ပညာရပ်တွေမဟုတ် သည့်အတွက် အားမသန် မထက်သန်ကြပေ။ စနေ တနင်္ဂနွေ အချိန်ပိုင်းများ တိုက်ဆိုင်နေသည်မို့ မိမိသည် ဗုဒ္ဓအဘိဓမ္မာသင်တန်းကိုသာ ယတိပြတ် ရွေးချယ် ခဲ့လိုက်သည်။ သက်ပြင်းတစ်ချက်ကို ခပ်တိုးတိုးချမိလိုက်တယ်။ အသံကျယ်ကျယ်တော့ မည်သွားသည်။ ယမန်နေ့မှ ကူးယူလာသော သင်ခန်းစာများကို ဖွင့်ကြည့် နေလိုက်သည်။ ပရမတ်ထတရား (၄) ပါး စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပေါင်း ပရမတ္ထတရား လေးပါး။ စိတ် ဟူသည် အာရုံကိုသိခြင်းသဘော။ စေတသိက်ဟူသည် စိတ်၌မှီတွယ်၍ စိတ်ကို ခြယ်လှယ်ခြင်းသဘော။ ရုပ်ဟူသည်.... နိဗ္ဗာန်ဟူသည်....... #ဓမ္မအလင်းရောင်(ပင်လုံမြေ)