ဘဝနေနည်းအဘိဓမ္မာ ၂
ဘဝနေနည်း အဘိဓမ္မာ(၂)
🐢🐢🐢🐢🐢🐢🐢
.
မိုးကတပြိုက်ရွာ နေက တလှိုက်ပူနဲ့ အောင်ကြူကြူ
နေ့တစ်နေ့ကို အူကြောင်ကြောင်နဲ့ ဖြတ်သန်းခဲ့ရသည်။
ညနေ ၆-နာရီ ထိုးခါနီးပြီမို့ သင်တန်းဆီကို ဖြည်းဖြည်းချင်း
လျှောက်လာခဲ့လိုက်ပါသည်။
စာအုပ်ဖိုင်လေးတွေကို တယုတယကိုင်လာရင်း အားနေတဲ့
လက်တစ်ဖက်က မြေပဲပြုတ် ဝယ်စားလိုက်သေး၏။
ဘုရားထဲမဝင်ခင် မုခ်ဦးမှလှမ်း၍ မျှော်ကြည့်လျှင်
စေတီတော်ကြီး၏ ကြည်ညိုဖွယ်ညနေချမ်းသည် ကြည်နူး
စရာအတိ။
အနောက်တောင်စွယ်မှာ နေရောင်မကွယ်သေးသည်မို့
ဆည်းဆာဖြာ၍ လှချင်တိုင်းလှနေလေသည်။
စေတီတော်တို့သည် ကမ္ဘာမြေအတွက် အဆင်တန်ဆာ
အလှရတနာပေ။
တောင်တန်း နောက်ခံရှုခင်းကြီးနှင့် ပနံသင့်လှသော စေတီတော်မြတ်ကြီးသည် စိတ်ကူးယဉ်ပန်းချီထက် လှပနေသောကြောင့်ဖုန်းနှင့် ဓာတ်ပုံရိုက်ယူထားလိုက်သည်။
ဆယ်စက္ကန့် တိုင်မာပေးကာ မိမိသည် အလွန်လှပ
ခန့်ညားသည့်ဟန်ဖြင့် တစ်ပုံထပ်ရိုက်လိုက်သေး၏။
ထို့နောင် မိမိပုံကို အလျင်စလိုပြန်ကြည့်သောအခါ
ရှုခင်းများနှင့် ဆည်းဆာအလှကိုပါ ထိခိုက်သွားသောကြောင့်
ကြာကြာမကြည့်နိုင်ဘဲ အမြန်ပြန်ဖျက်လိုက်၏။
ထပ်မံ၍ ရိုက်ကြည့်ဦးမည် စိတ်ကူးသော်လည်း အတန်းဖော်များရောက်လာကြပြီမို့ သင်တန်းခန်းသို့သာ ဦးတည်ဝင်လာဖြစ်တော့သည်။
•••••••••••••••••••••••••••••••••••••••••
သင်သန်းသားတွေ စုံလင်နေပြီဖြစ်သော်လည်း ဆရာကားမရောက်လာသေး။
ဆရာသည် အလုပ်အင်မတန်များသည်ဟု ပြောသံကြားဖူးသည်။ မည်မျှပင် အလုပ်ရှုပ်စေကာမူ သင်တန်းကိုတော့
အထူးဂရုစိုက်ကာ သင်ကြားပို့ချပေးသည်တဲ့လေ။
စိတ်ထဲမှ အသိ သတိတရားဖြင့် လေးစားမိပါသည်။
ခဏအကြာတွင် ဆရာအတန်းဝင်လာ၏
အလုပ်ထဲမှ ထထွက်လာသည်ထင်ပါသည်။
အဝတ်စားလည်း မလဲထား ပြင်ဆင်မှုလည်းမလုပ်လာ၊
ဖြစ်သလို ထပြေးလာရပုံပေါ်သည်။
ဆံပင်တွေက ဖရိုဖရဲ ၊ ဝတ်ထားသော အင်္ကျီက ပေစုတ်စုတ်
နှင့်မို့ ဆရာပုံနှင့်မတူသောကြောင့် မသိမသာ ရယ်လိုက်မိသေးသည်။
ပထမနေ့ကလို နှုတ်ဆက်ခြင်းလည်းမရှိဘဲ ဝှိုက်ဘုတ်ပေါ်တွင်မညီမညာသော လက်ရေးများဖြင့် သင်ခန်းစာအချို့ကို
ရေးနေလေ၏။
ဆရာသည် လက်ရေးမလှဟု မှတ်ချက်ချကာ
မိမိသည် ကူးစရာရှိသည်များ ကူးရေးနေလိုက်ပါ၏။
"ကဲ ဘုရားရှိခိုးကြဦးစို့"
အတန်းသားများသည် ထိုင်ရာမှ ကိုယ်စီအမြန်ထကြသောအခါထိုင်ခုံဆွဲရွှေ့သံတွေဆူညံသွား၏။
နမော တဿ ဘုရားရှိခိုး သုံးကြိမ်ဖြင့် ကန်တော့၍ သင်တန်းကိုစတင်ပို့ချပါသည်။
" မနေ့က အဘိဓမ္မာ ရဲ့ သဘောအဓိပ္ပာယ်လေးတွေ
ပြောပြခဲ့ပြီနော် မှတ်မိအောင်ကြိုးစားကြပါ"
"ဒီနေ့တော့ ပရမတ္ထတရားဆိုတာကို စပြီး လေ့လာရမယ်"
" ပရမတ္ထတရားဆိုတာ သိသာရုံပြောရမယ်ဆိုရင် အထင်ရှား
ရှိသော ၊ မြတ်သောသဘော လို့ အနက်ရတယ်"
"မဖောက်မပြန် မှန်ကန်တည့်မတ် ဂုဏ်ဒြပ် ပရမတ်ဟုခေါ်..လို့ဆိုကြတယ်"
"ဆိုလိုချင်တာက မိမိရဲ့ ပင်ကိုယ်သဘာဝလက္ခဏာတွေသဘောကနေ ဖောက်ပြန်ပြောင်းလဲသွားခြင်းမျိုးမရှိဘူးပေါ့"
"
အဲဒီ ပရမတ္ထတရားဟာ (၄)ပါးရှိတယ်။
၁။စိတ်
၂။စေတသိက်။
၃။ရုပ်။
၄။နိဗ္ဗာန်။
ဒီလေးမျိုးကို ပရမတ္ထတရားလို့ခေါ်တယ်။ ထင်ရှားရှိသော
အနက်သဘော(သို့မဟုတ်)ထင်ရှားရှိသောအထည်ကိုယ်ပေါ့။
ဖြည်းဖြည်းချင်းတော့ နားလည်လာလိမ့်မယ်။
ဒီလို လေးမျိုးရှိတဲ့တရားကို ...
တရားတော်တွေလေ့လာရမှာဖြစ်တဲ့အတွက်
လေးမျိုး လေးခု စသည်ဖြင့် မပြောဘဲ
လေးပါး လို့ ဒီလိုအပါးရေနဲ့ ပြောကြမယ်နော်..
ပရမတ္ထတရား လေးပါးပေါ့။
ပထမဆုံးတွေ့ရတဲ့ ပရမတ္ထတရားဟာ စိတ်...
စိတ်= အာရုံကိုသိတတ်ခြင်း။
လိုရင်းကဒါပါပဲ။ အာရုံကို သိတတ်ခြင်းဆိုတဲ့ သဘာဝဓမ္မလေးကို စိတ်လို့ ခေါ်တယ်။
ပါဠိမှာ စိတ္တ ပေါ့- မြန်မာကတော့ စိတ်လို့ သုံးလိုက်တယ်။
လူရဲ့စိတ်ပဲဖြစ်စေ တိရစ္ဆာန်ရဲ့စိတ်ဖြစ်စေ၊ နတ်ဗြဟ္မာတို့ရဲ့စိတ်ဖြစ်စေပေါ့ ဘယ်သူ့စိတ်ဖြစ်ဖြစ် , စိတ်ဟာအာရုံကို သိတတ်ခြင်းဆိုတဲ့ သဘောတရားတစ်ခုတည်းပဲရှိတယ်။
အာရုံကိုသိခြင်းဆိုတဲ့ လက္ခဏာမှပြောင်းလဲဖောက်ပြန်ရိုးမရှိဘူး။ ဒါကြောင့် စိတ်ဟာ ပရမတ္ထတရားလို့ ဒီလိုဆိုလိုတယ်။
နော်...""
ဆရာသည် သူပြောလိုရာ တစ်ခုခုပြောပြီးလျှင် "နော်.." ဟု
အဆုံးသတ်လေ့ရှိသည်ကို သတိထားမိပါသည်။
စိတ်ဟူသောဝေါဟာရသည် မြန်မာစာ မြန်မာစကားဟုသာ
ထင်ခဲ့မိသည်။ယခုကဲ့သို့ဆိုလျင် စိတ္တ ဟူသောပါဠိမှဆက်းသက်လာသော မြန်မာမှုပြုထားခြင်းပါပေ။
ရေနွေးကြမ်းတစ်ခွက်ကို ဘေးမှာအသင့်ချထားပြီး ရေနွေးကြမ်းနည်းနည်းသောက်လိုက် ပြန်ပြောလိုက်နဲ့
ဆရာ့ရဲ့ ပို့ချချက်တွေကို ဂရုစိုက်မှတ်သားနေရတယ်။
"နောက် ပရမတ်တရားတစ်ခုက စေတသိက် ...
စေတသိက ဆိုတဲ့ ပါဠိကို မြန်မာမှုပြုထားတာဖြစ်တဲ့အတွက်
စေတသိက် လို့ သေချာရေးရမယ်၊ စေတသိတ်တို့ စေတသိပ် တို့ မဖြစ်စေရဘူး ဒါကို သေချာဂရုစိုက်မှတ်သားခဲ့ပါ"
"စေတသိက်ဆိုတဲ့ သဘောက ဘာလဲဆိုတော့
စိတ်ကိုမှီတွယ်၍ဖြစ်ခြင်း စိတ်ကိုခြယ်လှယ်၍ ဖြစ်ခြင်းလို့
အလွယ်မှတ်နိုင်မယ်"
'စိတ်၌ မှီတွယ် စိတ်ကိုခြယ် မှတ်ဖွယ်စေတသိက် ဆိုတဲ့အတိုင်းပဲ စေတသိက်ဟာ စိတ်ကိုမှီပြီးတော့မှဖြစ်တယ်၊ စိတ်ကိုလည်း ခြယ်လှယ်တယ်"
"ဥပမာ-- ရေသန့်ဘူးထဲမှာ ရှိနေတဲ့ ရေအကြည်ထဲကို
ဆေးနီရောင် ဆေးဝါရောင် ဆေးပြာရောင်တွေ ထည့်လိုက်ရင်ရေဟာ ဆေးရောင်နဲ့တူစွာပဲ အနီ အဝါစသည်ဖြင့်ပေါ့နော်
ပြောင်းလဲသွားတယ်၊ ဒီသဘောကိုနားလည်ရင် စိတ်နဲ့ စေတသိက်ကို ခွဲခြားပြီး သိနိုင်တယ်"
" စိတ်ဟာ ရေကြည်နဲ့တူတယ်,လောဘ ဒေါသ မောဟ ဆိုတဲ့
စေတသိက်တွေက အရောင်ညစ်လာစွက်ရင် စိတ်ဟာလည်း
လောဘစိတ် ဒေါသစိတ် ဖြစ်သွားသလိုမျိုး သဒ္ဓါ ပညာ ဆိုတဲ့ကောင်းတဲ့အရောင်လေးတွေလာစွက်ရင် စိတ်ဟာလည်း ကုသိုလ်စိတ် စသည်ဖြင့် ကောင်းစိတ်လေးတွေဖြစ်လာတယ်ပေါ့"
"ပင်ကိုယ်အားဖြင့် စိတ်ဟာ အဖြူထည်ပါ, စေတသိက်ဆိုး
တွေနဲ့အတူယှဉ်တွဲလိုက်လို့ စိတ်ဆိုးတွေဖြစ်ကုန်ရတာ
ဒါကြောင့် လောဘ ဒေါသ မောဟ ဦးဆောင်တဲ့ တရားဆိုးတွေ
ကိုယ့်စိတ်မှာ မခြယ်လှယ်အောင် အထူးသတိထားရမယ်ပေါ့"
ဒီစေတသိက်တရားဟာလည်း ထင်ရှားရှိတယ် သူ့ရဲ့သဘာဝ
လက္ခဏာအားဖြင့်သာဖြစ်တယ် ဖောက်ပြန်ပြောင်းလဲခြင်းမရှိလို့ ပရမတ္ထတရားလို့ ဒီလိုဆိုလိုတယ်"
"နောက်ပြီးတော့ ရုပ် တရား"
ရုပ်ဆိုတဲ့သဘာဝတရားဟာ ဆန့်ကျင်ဘက်အရာတွေနဲ့တွေ့ရင်
နဂိုအတိုင်မတည်နိုင်ဘဲနဲ့ ပြောင်းလဲပြီးဖြစ်သွားတတ်တယ်"
"ပူတဲ့အခါမှာ ရုပ်ကတစ်မျိုး, ပူရာကနေ အအေးနဲ့တွေ့ရင်
အပူရုပ်အစဉ်ကနေ အအေးရုပ်ဆိုပြီး ပြောင်းလဲသွားတယ်"
"ဒါကိုဖောက်ပြန်တယ်လို့လည်း ခေါ်တယ်၊ ဖောက်ပြန်တယ်ဆို
တာ အရပ်ထဲမှာပြောကြတဲ့ ဗလောင်းဗလဲ ဖောက်ပြန်မှားယွင်း
တာမျိုးကို ဆိုလိုတာမဟုတ်ဘူး , ပင်ကိုယ်အတိုင်း ခိုင်ခံ့ခြင်းတည်တံ့နိုင်ခြင်းမရှိဘဲ ပြောင်းလဲသွားတဲ့သဘောတရားလေးကို
ဒီမှာ ဖောက်ပြန်တယ်လို့ သုံးတာပါ"
"ဖောက်ပြန်ထွေပြား ဖြစ်တတ်ငြား၍ စကားပုံသေ ရုပ်ခေါ်ပေ၏၊ ရှေ့ရုပ်အစဉ် နောက်ရုပ်အစဉ် မတူကွဲပြား ခြားနား
ခြင်းကြောင့် အနိစ္စ..လို့ ပြောကြတယ်"
" ဘယ်ရုပ်ဖြစ်ဖြစ် ဒီသဘောမှာပဲရှိတယ် ရုပ်မှန်သမျှ ဆန့်ကျင်ဘက်တရားနဲ့တွေ့တိုင်း ပြောင်းလဲနေရိုးရှိတယ်ပေါ့နော်"
"ပူရာကနေ အေးတဲ့အခါ အေးရာကနေပူတဲ့အခါ၊မဆာရာကနေ ဆာလောင်တဲ့အခါ ဆာလောင်ရာကနေ မဆာတော့တဲ့အခါ
စသည်ဖြင့်ပေါ့လေ ရုပ်ရဲ့ပြောင်းလဲဖောက်ပြန်ပုံတွေဟာ
ထင်ရှားပါတယ် ' ဒါကြောင့် ရုပ်တရားကိုလည်း ပရမတ်တရား
လို့ ခေါ်တယ်"
" ဆရာဗျ "
သင်တန်းသားတစ်ယောက်၏ အသံကြောင့် ဆရာသည် ထိုသင်
တန်းသားဆီ အကြည့်ရောက်သွားသည်။
သင်တန်းသားအားလုံးကလည်း ထိုသူဆီ အာရုံစုသွားကြသည်။
" ဟုတ်ကဲ့ ညီလေး, ညီလေး ဘာမေးချင်လို့လဲ"
" မဖောက်မပြန် မှန်ကန်လို့ ပရမတ်တရားလို့ ဆိုပြီး ဖောက်ပြန်
နေတဲ့ ရုပ်တရားကိုကျတော့ ဘာလို့ ပရမတ်လို့ပဲ ပြန်ယူရတာလဲဆရာ"
သင်တန်းသား၏ အမေးသည် ကောင်းလေစွ
ဆရာ့အဖြေကို အားလုံး ငံ့လင့်နေကြသည်။
"ဒီအမေးက ဒီအခြေခံအဆင့်ကို ကျော်လွန်ရင် ဋီကာကျော်ဆို
တဲ့ အဆင့်မှာ တွေ့ရပါလိမ့်မယ်၊ ဒါပေမယ့် အခုလည်း ရှင်းပြပါ့မယ်"
"ရုပ်တရားဟာ အအေး အပူ စတဲ့ ဆန့်ကျင်ဘက်တရားတွေနဲ့
တွေ့ရင် ပြောင်းလဲသွားတတ်တယ် ဖောက်ပြန်သွားတတ်တဲ့
သဘောတရားရှိတယ်လို့ ဆိုတယ်နော်"
"ဒီလို သဘောတရားပင်ကိုယ်လက္ခဏာကနေ ပြောင်းလဲသွားရိုး
မရှိဘူး သူ့ရဲ့ ပင်ကိုယ်အတိုင်းပဲ ဖောက်ပြန်ပြောင်းလဲခြင်းသာ
ရှိတယ်ပေါ့ ဒါကြောင့် ပရမတ်တရားလို့ ယူတယ်"
" ဟုတ်ကဲ့ပါဆရာ သဘောပေါက်ပါတယ် ကျေးဇူးပါဗျ"
အမေးကော အဖြေကော ကောင်းသည်မို့ အားလုံး သဘောပေါက် ကျေနပ်သွားကြသည်။
" ကဲ ဒီလိုဆိုရင် စိတ် စေတသိက် ရုပ် ပရမတ်တရား သုံးပါး
နားလည်ပြီပေါ့နော် - နောက်ထပ် ပရမတ်တရား တစ်ပါးက
နိဗ္ဗာန်လို့ ခေါ်တယ်"
"နိဗ္ဗာန်ဆိုတာကို တို့အလွယ်နားလည်အောင်မှတ်ရမယ်ဆိုရင်
တဏှာကုန်ခမ်းခြင်း၊ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းခြင်း ....လို့ အလွယ်မှတ်ထားရအောင် "
"ဘဝကြီး ဘဝငယ်တွေနဲ့ ကာမဂုဏ်အာရုံတွေကို
လိုချင်ကပ်ငြိတွယ်တာတဲ့ သဘောကို တဏှာလို့ခေါ်တယ်"
"အဲဒီတဏှာရဲ့လိုချင်ဇောကြောင့် သတ္တဝါတွေဟာ ပင်ပန်းကြရတယ် ဆင်းရဲကြရတယ်၊ ဘုံဘဝတွေမှာ တဏှာရဲ့အကျိုးရင်း
အနေနဲ့ ဘဝတစ်ခုကို ရကြပြီးတော့ ဒုက္ခမျိုးစုံကိုခံစားကြရတယ်"
"လိုချင်မှုဆိုတဲ့ ဒီလောဘတဏှာဟာ အင်အားကြီးရင် ကြီး
သလောက် ဆင်းရဲဒုက္ခကို ခံစားရတယ်၊ လောဘအားနည်းရင်
အားနည်းသလောက် ဆင်းရဲဒုက္ခလည်း နားပါးတယ်"
"လောဘမရှိတော့ရင်တော့ တဏှာကုန်ခမ်းခြင်းဆိုတဲ့ နိဗ္ဗာန်
ကို ရတာပေါ့နော် - ဒါကြောင့် နိဗ္ဗာန်ကို တဏှာကုန်ခမ်းခြင်း
နဲ့ ရရှိနိုင်တယ် လို့ ဒီလိုဆိုလိုတယ်၊ ဖြည်းဖြည်းချင်း ရှေ့ဆက်ပြီး လေ့လာသွားရင်တော့ ဒီထက်အကျယ် သဘောပေါက်မှာပါ"
"နောက်တစ်ခုက နိဗ္ဗာန်ကို ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာလို့ ဆိုတာမှာ အထက်က ပရမတ္ထတရား သုံးပါးကို ပြန်ပြီး အာရုံပြုကြည့်ရမယ်"
"စိတ် ဟာ ချမ်းသာခြင်းလည်းရှိတယ် ဆင်းရဲခြင်းလည်းရှိတယ်၊ ဘယ်လောက်ပဲ စိတ်ချမ်းသာရပါတယ် ပြောပါစေတော့
လောကရဲ့ မတည်မြဲမှုသဘောထဲမှာ အပါဝင်ဖြစ်တာမို့ ဖောက်ပြန်ပြောင်းလဲပြီးတော့ ဆင်းရဲကြရတာပါပဲ"
"ဒီအတိုင်းပဲ စေတသိက်တရားတွေဟာလည်း လောဘကြောင့်
ပူလောင်ရတယ်၊ ဒေါသ မောဟတွေကြောင့် ပူလောင်ရတယ်"
"လောဘ ဒေါသ မောဟတရားတွေ ကိုထိန်းသိမ်းရ ၊
ကုသိုလ်စိတ်လေးနဲ့ ရှင်သန်နေထိုင်တတ်အောင်ပြုပြင်ရနဲ့
စေတသိက်တရားဟာလည်း ဒုက္ခတော်တော်ကြီးပါတယ်နော်"
"ပြီးတော့ ရုပ်တရား - ရုပ်တရားရဲ့ ဆင်းရဲမှုကတော့ အလွန်ထင်ရှားပါတယ် ၊ တစ်နေ့ တစ်နေ့ ဒီရုပ်ခန္ဓာကိုယ်ကြီး ဆင်းရဲပုံ
စက်ဆုပ်ရွံရှာဖွယ်ကောင်းပုံဟာ သိပ်ထင်ရှားသိသာပါတယ်"
"ဒီလိုဆိုရင် စိတ်ကလည်း စိတ်ဒုက္ခ၊စေတသိက်ကလည်း
စေတသိက်ဒုက္ခ၊ ရုပ်ကလည်း ရုပ်ဒုက္ခ နဲ့ စိတ်,စေတသိက်,ရုပ်
တို့ရဲ့ ဒုက္ခတွေချည်းပဲလို့ ဒီလောကကို မြင်နိုင်တယ်,သိနိုင်တယ်ပေါ့နော်.."
"ဒီ စိတ်ဒုက္ခ စေတသိက်ဒုက္ခ ရုပ်ဒုက္ခတွေ အားလုံး ငြိမ်းသွားလို့ ဆင်းရဲခြင်းကင်းသွားတာကို နိဗ္ဗာန်လို့ခေါ်တယ်"
"နိဗ္ဗာန်ရဲ့ သဘောတရားဟာ ပြောရဆိုရတာ အင်မတန်ခက်
တဲ့အတွက် မှန်းဆသိနိုင်ဖို့ဆိုတာ သုတမယဉာဏ်အများကြီးလိုအပ်တယ်"
" လောလောဆယ် ဒီလောက် နားလည်သိမှတ်ထားရင်လည်း
မဆိုးပါဘူး , ရှေ့ပိုင်းတွေ ဆက်သင်ယူသွားရင်တော့ ထိုက်သင့်သလောက် ပိုပြီး သဘောပေါက်လာကြမှာပါ"
ဆရာသည် ရေနွေးကြမ်းတစ်ခွက် ပူပူလေး ထည့်သောက်ရင်း
အမောဖြေနေ၏။ သင်တန်းသားများနှင့်လည်း ရင်းနှီးစွာ
ပြောဆို ဆက်ဆံပြီး မေးသမျှကို အေးအေးဆေး ရှင်းပြနေပြန်၏။ ပျင်းရိငြီးငွေ့လောက်ပြီထင်ရင် ဟာသတွေ မသိမသာ
ပြောပြ၏။ သူ့ဘဝအတွေ့ကြုံထဲမှ သင်ခန်းစာတွေ ထည့်ထည့်
ပြီး မပျင်းမရိ စာဆက်သင်နိုင်ရန် ထိန်းတတ်၏။
ယနေ့ သင်ခန်းစာသည် အဓိကအားဖြင့် ပရမတ္ထတရားလေးပါးကို အဓိက သင်ကြားပေးခြင်းသာဖြစ်သည်။
ကြားဖူးနေကျစကားတွေဖြစ်သော်လည်း ယခုလို အဓိပ္ပာယ်
နှင့်တကွ မသိဖူးသေးသည်မို့ အဘိဓမ္မာသင်ရတာကို နှစ်ခြိုက်
မက်မောမိလာပါတော့သည်။
သင်တန်းဆင်းပြီး အိမ်အပြန်လမ်းသည် အသိဉာဏ်အပိုင်းအစများဖြင့် အဓိပ္ပာယ်ရှိနေပါတော့သည်။
#ဓမ္မအလင်းရောင်(ပင်လုံမြေ)
0 Comments
Post a Comment