(၁)
•••••••••••••••••••••••••••••••••••
၂၀၂၀ ရဲ့ မိုးကာလသည်ကား တစ်မြို့လုံးကို ခေါင်းမြီးခြုံထားကာ အုံ့မှိုင်းနေလေတော့၏။
မိုးဖြူမစဲ မိုးမဲမရွာဟူသည့် စကားအတိုင်း မိုးမဲကြီးက မရွာပါ။
မရွာသော်လည်း ရွာသော်ရှိဟု စိုးရွံ့စိတ်ဖြင့် ထီးလေးကိုင်ပြီး
သင်တန်းဆီကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့၏။
လာရသည့် သင်တန်းသည်ကား အဘိဓမ္မာသင်တန်း။
_________________________
ညနေ ၆ နာရီ သင်တန်းစမည်ဟု ဆရာက ခေါ်ထားသောကြောင့်
၅ နာရီခွဲပြီးတာနဲ့ ထွက်လာခဲ့ပါသည်။
သင်တန်းကို ရောက်တော့ ၆ နာရီ မထိုးသေး။
ဆရာကတော့ ရောက်နှင့်နေပြီ။
သင်တန်းသားများ မစုံသေးခင် ဆရာနဲ့ စကားအနည်းငယ်ပြောလိုက်ရသေးတယ်။
ရင်းနှီးမှုသိပ်မရှိသေးသော်လည်း ဆရာ၏ ဖော်ရွေခြင်းကြောင့်
ခဏချင်းပင် ခင်မင်ရင်းနှီးသွားပါသည်။
များမကြာမီ သင်တန်းသားများ ထပ်မံရောက်လာကြရာ အားလုံး
နမော တဿ ဘုရားရှိခိုးဖြင့် ဘုရားရှိခိုးကြရသည်။
ဘုရားရှိခိုးပြီးသော အခါ ဆရာက အဘိဓမ္မာသင်တန်း၏
နိဒါန်းအဖွင့်စကားကို စတင်၍ ရှင်းပြပါသည်။
"အဘိဓမ္မာဆိုတာဘာလဲလို့ တို့က အရင်ဆုံးနားလည်အောင်
လုပ်ရဦးမယ်နော်"
အဘိ = သာလွန်ထူးမြတ်သော
ဓမ္မာ= တရားတော်လို့ အဓိပ္ပါယ်ရတယ်။
လိုရင်းကတော့ သာလွန်ထူးမြတ်သော တရားတော် လို့ အလွယ်
မှတ်နိုင်တယ်။
မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတွေဟာ
ဝိနည်း၊ သုတ္တာန်၊အဘိဓမ္မာ ရယ်လို့ ပိဋကတ် သုံးပုံ ရှိတယ်။
ဒီ ပိဋကတ်သုံးပုံထဲမှာ အဘိဓမ္မာကို သာလွန်ထူးမြတ်သော
တရားလို့ အမည်ပေးထားတယ်။
အဲဒီတော့ သာလွန်ထူးမြတ်တာတော့ ဟုတ်ပါပြီ
ဘာထက် သာလွန်တာလဲ ဆိုတာ သိဖို့ လိုတယ်။မေးဖို့ လိုတယ်။
ဘာထက်သာလွန်တာလဲဆိုတော့ သုတ္တန်နဲ့ ဝိနည်းထက်
သာလွန်တယ်လို့ မှတ်ထားရမယ်။ဒါက နံပါတ် တစ်အနေနဲ့ပေါ့။
နံပါတ်နှစ်အနေနဲ့ဆိုရင်တော့ ဘယ်ပုံဘယ်နည်းနဲ့ သာလွန်တာလဲ
လို့ ထပ်ပြီး သိမှတ်စရာရှိလာတယ်။
ဟောပုံအားဖြင့် သာလွန်တယ်။
အရေအတွက်အားဖြင့် သာလွန်တယ် လို့ ဒီလို သာလွန် နှစ်မျိုးနဲ့
အလွယ်နားလည်ထားရမယ်။
ဟောပုံအားဖြင့် သာလွန်တယ် ဆိုရာမှာ ဝိနည်းနဲ့ သုတ္တန်ဟာ
အခြေနေ အကြောင်းအကျိုး ပေါ်ပေါက်တဲ့အခါမှာ ပုဂ္ဂိုလ်နဲ့
စရိုက်ကို ငဲ့ပြီး သင့်တော်သလို ဟောတော်မူတယ်။
အဘိဓမ္မာဒေသနာကတော့ အဲဒီလို ပုဂ္ဂိုလ်အလိုက် စရိုက်အကြိုက် ငဲ့ဟောထားတာမဟုတ်ဘူး။
အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်းပဲ ဟောကြားတယ်။
ကြိုက်ခြင်း မကြိုက်ခြင်းကို သိပ်မငဲ့ဘူးပေါ့နော်..
ဒါကြောင့် ဟောပုံအားဖြင့် သာလွန်တယ် လို့ ပြောတာပါ။
နောက်တစ်ခုက အရေအတွက်အားဖြင့် သာလွန်တယ်။
ဝိနည်း ပိဋက မှာ ဓမ္မခန္ဓာပေါင်း ၂၁၀၀၀ ရှိတယ်။
သုတ္တန် ပိဋက မှာလည်း ဓမ္မခန္ဓာပေါင်း ၂၁၀၀၀ ရှိတယ်။
အဘိဓမ္မာပိဋက မှာတော့ ဓမ္မခန္ဓာပေါင်း ၄၂၀၀၀ ရှိတယ်။
အားလုံးပေါင်းလိုက်ရင် ပိဋကတ် သုံးပုံမှာ ဓမ္မာခန္ဓာအားဖြင့်
၈၄၀၀၀ ရှိတယ်။ ဒါကတော့ ကြားဖူးကြပါလိမ့်မယ်။
ဒီ ဓမ္မခန္ဓာပေါင်း ၈၄၀၀၀ ကို ကြည့်ရင်လည်း အဘိဓမ္မာ ဟာ
ဝိနည်းနဲ့ သုတ္တန်တို့ထက် အရေအတွက် သာလွန်နေတာကို
တွေ့ရမယ်နော်။ ဒါကြောင့် ဟောပုံအားဖြင့်သာလွန်ခြင်း၊
အရေအတွက်အားဖြင့် သာလွန်ခြင်းလို့ ဒီလို မှတ်ထားပါ။
ဒီလိုမှ သိမှတ်မထားဖူးရင် အဘိဓမ္မာဆိုတာ အဆင့်မြင့်တရား
ဝိနည်း သုတ္တန်တွေက အဆင့်နိမ့်တဲ့ တရားလို့ လွဲလွဲမှားမှား
ယူဆ သွားကြလိမ့်မယ်" ။
ဆရာ့ရဲ့ အဘိဓမ္မာဆိုတာဘာလဲ ခေါင်းစဉ်နဲ့ ရှင်းလင်းပြမှုနောက်
မှာ သင်တန်းသားတွေ စိတ်ဝင်တစား လိုက်နားထောင်နေကြသည်။
လိုအပ်တာလေးတွေ ရေးမှတ်နေကြသည်။
မိမိသည်လည်း မိမိနားလည်သလို လိုက်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့
လိုက်ပြီး မှတ်သားနေရပါသည်။
ထိုစဉ်...
"ဆရာ...တစ်ခုလောက်မေးချင်လို့ပါရှင့် "
သင်တန်းသူတစ်ဦး၏ အသံ။
" ဟုတ် မေးပါ ညီမလေး"
ဆရာသည် အတန်းသူ အတန်းသားများကို ညီလေး ညီမလေး
အမ အန်တီ စသည်ဖြင့် မိသားစုသဖွယ် ခေါ်ဝေါ်ဆက်ဆံတာ
တွေ့ရသည်။
"ပိဋကနဲ့ ပိဋကတ်က အတူတူပဲလားဆရာ"
"တစ်ခုချင်းစီပြောရင်တော့ ပိဋက လို့ပဲ ရေးရမယ် ၊ သုံးခုစလုံးကို
အားလုံးပြောရင် ပိဋကတ် လို့ ရေးပါ"
" ဝိနည်းပိဋက သုတ္တန်ပိဋက အဘိဓမ္မာပိဋက ပေါ့
အားလုံးပေါင်းလိုက်ရင်တော့ ပိဋကတ် သုံးပုံပေါ့နော် "
ဆရာ့အဖြေကို လက်ရေးတိုနဲ့ အလွယ်တေးမှတ်ထားရင်း
မေးသူကိုပါ စိတ်ထဲမှ ကျေးဇူးတင်မိပါတယ်။
ဆရာသည် အဘိဓမ္မာ၏ နီးသောအကြောင်း၊ ဝေးသောအကြောင်း
များနှင့်အတူ အဘိဓမ္မာဒေသနာ၏ နောက်ခံသမိုင်းကြောင်းများကို
စိတ်ရှည်ရှည်ဖြင့် အေးအေးဆေးဆေး ရှင်းလင်းပြသနေလေ၏။
မြတ်စွာဘုရားရှင် မယ်တော်အမိ နတ်သားကိုကျေးဇူးဆပ်တရား
ဟောကြားခြင်း၊ ဘုရားရှင် မရှိတော့သည့်နောက်ပိုင်း သံဂါယနာအဆင့်ဆင့်တင်ခဲ့ပုံများနှင့် သိမှတ်ဖွယ်များရှင်းလင်းပြလေ၏။
လိုရင်းအားဖြင့် ယနေ့ည သင်တန်းသည် အဘိဓမ္မာဟူသော
ဝေါဟာရကိုသာ အခြေခံ၍ အဘိဓမ္မာဟူသည့် အဓိပ္ပါယ်ကို
သေချာကျန မှန်ကန်စွာ သိနားလည်ခွင့်ရခဲ့ပါသည်။
အဘိဓမ္မာ = သာလွန်ထူးမြတ်သော တရားတော် တဲ့။
ဘာထက်သာလွန်တာလဲဆိုရင် သုတ္တန်,ဝိနည်းထက် သာလွန်
တယ်။
ဘယ်ပုံသာလွန်တာလဲဆိုရင် ဟောပုံအားဖြင့် သာလွန်တယ်။
အရေအတွက်အားဖြင့် သာလွန် တယ်။
ပထမဆုံး သင်တန်းချိန်မှာ ဒီလောက်မှတ်ထားနိုင်တဲ့ မိမိကိုယ်ကိုယ်
ကျေနပ်မိပါတော့တယ်။
ဓမ္မအလင်းရောင် (ပင်လုံမြေ) 14-12-2021
ဘဝနေနည်း အဘိဓမ္မာ ၁
ဘဝနေနည်း အဘိဓမ္မာ
0 Comments
Post a Comment