ငပုပ်ကြီးရဲ့ ဆေးမြီးတို 
🌖🌖🌖🌖🌖🌖🌖🌖
တုတ်ခေါက်သံတွေ အိုးခွက်ပန်းကန်တီးသံတွေ စီစီညံကြားလို့ ရုတ်တရက်တော့ ယုန်ထင် ကြောင်ထင် ဖြစ်သွားမိတယ်။ အဖြစ်မှန်ကတော့ လကြတ်နေတာပါတဲ့။ လကြတ်ခြင်းကို ကမ္ဘာကမြင်ပုံနဲ့ မြန်မာတို့မြင်ပုံဟာ သြချလောက်အောင် ကွာဟနေပါတယ်။ ကမ္ဘာ့သုတေသီတွေဟာ လကြတ်ရင် မှန်ဘီလူးမျိုးစုံနဲ့ စူးစမ်း တယ်၊ နက္ခတ္တဗေဒနဲ့ တစ်ခုခုကို သိရလို သိရငြား ရှာဖွေတယ်။ မှတ်တမ်းတင်တယ်ပေါ့။ အဲ... မြန်မာတို့ကတော့ တုတ်နဲ့တွေ့ကရာခေါက်တယ် အိုးနဲ့နီးရင် အိုးကိုခေါက်တယ်၊ ပန်းကန်နဲ့နီးရင် ပန်းကန်ကို ခေါက်တယ်။ လိုရင်းကတော့ တောက်" တောက်"တောက်" သံဆူညံပြီး တက်ကြွစရာ အခမ်းနားလေးတစ်ခု အဖြစ် ပုံပေါ်သွားတယ်ပေါ့ဗျာ။ တစ်ချို့ကတော့ သစ်ပင် သစ်ခေါက် သစ်မြစ်တွေမှာ ဆေးဖက်ဝင်နေချိန်ဆိုပြီး အမိအရ ကြိုးစားပြီး ဆေးခေါက်ခွာကြ ဆေးမြစ်တူးထားကြတယ်။ လကြတ်နေတာကို ကြည့်နေရင်း ငယ်ငယ်တုန်းက နားထောင်ခဲ့ဖူးတာလေးကို သတိရမိတယ်။ နားထောင်ခဲ့ဖူးတာလေးနဲ့အတူ ​စိတ်ရှည်ရှည်ပြောပြတတ်တဲ့ စောကြာထွန်း ဆိုတဲ့ ဘဘကြီး တစ်ယောက်ကို လွမ်းတသသ တောင် ဖြစ်မိပါသေးတယ်။ အဲဒီတုန်းက ကျွန်တော်က အသက် ၁၄ လောက်ရှိပြီထင်ပါတယ်။ ဦးစောကြာထွန်းက ၅၀ အထက်လောက်ဖြစ်မယ်။ ပင်လုံဈေးကြီးရဲ့ အရှေ့ဘက် လှည်းဂိတ်မှာ အလုပ်သမားတွေ ပြန်သွားကြပြီဆိုရင် အဲဒီ့နေရာလေးကို ကျွန်တော်တို့နှစ်ယောက် အပိုင်စီးလေ့ရှိတယ်။ ရပ်ထားတဲ့ လှည်းတစ်စီးပေါ်မှာ ကျွန်တော်ကလဲလျောင်းနေတတ်သလို ဘေးနားမှာ သူက ဘာဂျာလေး မှုတ်ပြရင်း စကားစမြည်ပြောလေ့ရှိတယ်။ ညစဉ် ညတိုင်းလိုလိုပါပဲ။ မြန်မာသံစဉ်သီချင်းလေးတွေ သူဘာဂျာမှုတ်ပြရင် သိပ်ပြီး နားထောင်လို့ကောင်းတယ်။ သူ့ကိုအားကျတာနဲ့ ကျွန်တော်လည်း ဘာဂျာမှုတ်တာ နည်းနာယူပြီး သင်တယ်။ အောင်သူ မင်းအောင် အနိုင်တို့ရဲ့ မြန်မာသံစဉ်တေးသွားလေးတွေကို ကျွန်တော် အများကြီး ဘာဂျာ မှုတ်တတ်သွားတယ်။ တစ်ညမှာတော့ လကြတ်တဲ့ညနဲ့ကြုံပါရော အခုလိုပါပဲ တီးကြ ခေါက်ကြ တော့ ကျွန်တော်က နားမလည်လို့ "ဘာလို့ တီးကြခေါက်ကြတာလဲ "လို့ သူ့ကိုမေးကြည့်တယ်။ " လငပုပ်ဖမ်းနေလို့" တဲ့။ "လငပုပ်က ဘာလို့ ဖမ်းတာလဲဟင်" ဆိုတော့ မှုတ်လက်စ ဘာဂျာလေး ခါးကြားထိုးပြီး ရယ်ပြတယ်။ " သိချင်ရင် ပုံပြင်ပြောပြမယ်" တဲ့။ "ကောင်းလိုက်တာ ကျွန်တော်က ပုံပြင်ကြိုက်တယ်ဗျ"ဆိုပြီး အိပ်နေရာကနေ ငေါက်ခနဲ ထထိုင်လိုက်တယ်။ သူ့မျက်နှာကိုတစ်ချက်ကြည့်လိုက်တော့ သူ တစ်ခုခုကိုပြန် စဉ်းစားကြည့်နေဟန်။ ပါးစပ်ထဲက ကွမ်းသွေးကို ဗျစ်ခနဲ အရင်ထွေးထုတ်လိုက်ပြီးမှ- ဟိုးရှေးရှေးတုန်းက လူငယ်လေးတစ်ယောက်ဆီမှာ စုန်းမကြီး ကပေးခဲ့တဲ့ ဆေးတောင့် တစ်တောင့်ရှိတယ်တဲ့။ အဲဒီ့ဆေးတောင့်လေးနဲ့ တို့လိုက်ရင် ဖျားနာနေတဲ့လူတွေ ချက်ချင်း ပြန်ကောင်းရုံတင်မကဘူး သေနေတဲ့လူကို တို့လိုက် ရင်တောင် ချက်ချင်း ပြန်ထထိုင်တယ်၊ အသက်ပြန်ရှင်တယ်တဲ့။ " ဝိုးးး မိုက်တာပေါ့ "လို့ ကျွန်တော်က ထအော်တော့ သူဆက်ပြောမယ့် စကား နင်သွားတယ်ထင် ☺️ " အဲဒီ့ဆေးတောင့်ပိုင်ရှင်ကောင်လေးဟာ ခရီးတွေပတ်သွားပြီး လူသေတွေကို ဆေးနဲ့ကုတာ အားလုံး အသက်ပြန်ရှင်ကြတယ်တဲ့" "လူသေလို့ ကျန်ရစ်တဲ့လူတွေငိုနေကြပြီဆိုရင် ဒီကောင်လေးဟာ သူ့ ဆေးတောင့်နဲ့ တို့လိုက် ထိလိုက်ရင် အားလုံးအဆင်ပြေသွားတာပဲတဲ့" "သေတဲ့လူလည်း ပြန်ရှင်လို့ပျော် ၊ ငိုတဲ့သူတွေလည်း မငိုရတော့ဘူးပေါ့ကွာ" "ဟုတ်တယ်နော်" လို့ ကျွန်တော်က စကားထောက်ပေးရင်း ဆေးတောင့်ပိုင်ရှင် ကောင်လေးနေရာမှာ ကိုယ့်ကိုယ်ကိုယ် မြင်ယောင်ကြည့်နေမိတယ်။ ခါးကြားထဲလိပ်ထည့်ထားတဲ့ ကွမ်းယာထုတ်လေးထဲက ကွမ်းတစ်ရာကို သူက ထုတ်ပြီး ပါးစောင်ထဲ ထိုးထည့်ပြန်တယ်။ " အင်း တစ်နေ့မှာတော့ လမ်းသွားရင်း ရေမြောင်းတစ်ခုထဲမှာ ခွေးသေကောင်ပုပ်ကြီး တစ်ကောင်ကို သူတွေ့သွားတယ်ကွ" "သူ့ဆေးဟာ ဒီလို ပုပ်ပွနေတဲ့ဟာတွေကိုကော ကုနိုင်မလားဆိုပြီးစမ်းကြည့်တဲ့အနေနဲ့ ခွေးသေပုပ်ကြီးကို ဆေးနဲ့တို့လိုက်တာ ခွေးသေပုပ်ကြီးက ချက်ချင်း ပြန်ကောင်းပြီး အသက်ရှင်သွားတယ်တဲ့ " " ဝိုးးးးး "လို့ ထအော်မိတဲ့ ကျွန်တော့ကို သူက ကြည့်ပြီး ရယ်တယ်။ "အဲဒီခွေးကြီးက ပုပ်ပွနေပြီးမှ အသက်ရှင်လာလို့ ခွေးနာမည်ကို ငပုပ်ကြီးလို့ သူက ပေးထားတယ်" " အဲတော့ သူက အရင်လို တစ်ယောက်တည်းမဟုတ်တော့ဘူး သွားလေရာရာမှာ ငပုပ်ကြီးအမြဲတမ်းအဖော်ပါတယ်ပေါ့ကွာ" "တစ်နေ့တော့ လနတ်သားက ငှက်ကြီးယောင်ဆောင်ပြီး သူ့အိတ်ကပ်ထဲက ဆေးတောင့်ကို ရုတ်တရက် လာဆွဲလုပြီး ချီကိုက်ပြီး ထွက်ပြေးတယ်" " ဟာ" ဆိုပြီး ကျွန်တော် မျက်လုံးပြူးသွားတယ် ကျွန်တော့်အိတ်ထဲက အဆွဲခံလိုက်ရသလိုခံစားမိပြီး ထခုန်မိတော့မတက် မျောသွားမိပါတယ်။ "ဒါနဲ့ ကောင်လေးက ငှက်ကို အတင်းလိုက်ဖမ်းတယ် ငပုပ်ကြီး လိုက်, လိုက်, လိုက် လို့ အော်ပြီး ငပုပ်ကြီးကိုလည်း လိုက်ဖမ်းခိုင်းတယ် " "ဒါပေမယ့် ငှက်ကြီးက တဖြည်းဖြည်းနဲ့ ကောင်းကင်က လမင်းကြီးထဲထိ ပျံတိုးပြီး လမင်းကြီးထဲ ဝင်သွားလိုက်တယ်" "ငှက်ကြီးပါးစပ်က ဆေးတောင် လွတ်ကျလို လွတ်ကျငြားနဲ့ ဆေးတောင့်ပိုင်ရှင် ကောင်းလေးက နီးစပ်ရာ တုတ်ကောက်ပြီး နီးစပ်တဲ့ တိုင်တွေ အိုးခွက်တွေကို ခေါက်ပြီး ​လှန့်ကြည့်ပေမယ့် ငှက်ကြီးကတော့ လမင်းကြီးဆီကိုသာ တည့်တည့်ကြီးပျံတက် သွားတော့တယ်" "ငပုပ်ကြီးကလည်း လမင်းကြီးကို မြင်တိုင်း သူ့သခင်ရဲ့ဆေးတောင့် ရလို ရငြား အတင်းလိုက်ဖမ်းနေမိတော့တာပါပဲ" "ငပုပ်ကြီးတို့ဆီက ဆေးတောင့်ကို ယူပြီးထွက်ပြေးတဲ့ ငှက်ယောင်ဆောင်ထားတဲ့ လနတ်သားကြီးဟာ သူ့လကမ္ဘာထဲ ကို ဝင်တော့ လမင်းကြီးဟာ ရုတ်တရက် မဲမှောင်ကျသွားတယ် တဲ့" "အဲဒါကြာင့် လနတ်သားကို ငပုပ်ကြီးက လိုက်ဖမ်းလို့ လကိုငပုပ်ဖမ်းတယ်, လငပုပ်ဖမ်းတယ်လို့ ခေါ်ကြတယ်" "လငပုပ်ဖမ်းတဲ့အချိန်မှာ ဆေးတောင့်က အာနိသင်ကျတယ် လို့ လူတွေက ယူဆပြီး အဲဒီ့အချိန်မှာ ဆေးမြစ်တွေ ဆေးခေါက်တွေ အရယူကြတာပေါ့ကွာ" " အဲဒီဆေးက တစ်ကယ်ကော စွမ်းလားဟင် " ဆိုတော့ သူက ဘာကို သတိရတယ်မသိ၊ ခွီးခနဲ တစ်ချက်ရယ်တယ်။ " ဘာရယ်တာလဲဗျ" ဆိုတော့ "ငါ အငယ်တုန်းက ငါ့ဦးလေးတစ်ယောက်ဟာ လငပုပ်ဖမ်း နေတုန်း မန်ကျည်းခေါက်ခွာတယ်ကွ၊ ဆေးမင်းကြီးကြွပါ ဆေးမင်းကြီး ကြွပါဆိုပြီး မန်ကျည်းခေါက်ကို အားနဲ့ ခြေကန်ခွာလိုက်တာ နောက်ကို အားလွန်ပြီး ဖင်ထိုင်ရက် ပစ်ကျပါရော" "အဲဒါ သူခါးနာသွားလို့ တစ်နှစ်လောက် ကုယူရတယ်၊ ခါးက တစ်ခါနာပြီးရင် တော်တော်နဲ့ မပျောက်ဘူးကွ" "သူခွာထားတဲ့ မန်ကျည်းခေါက်က ဆေးဖက်ဝင်တာပဲ သွေးမလိမ်းဘူးလားဟင် " လို့ သိလိုဇောနဲ့ မေးတော့ သူက ကွမ်းသွေးကျု ဗျစ်ခနဲ ထွေးချပြီးမှ ပြုံးပြုံးကြီး လုပ်နေတယ်။ သြော်... မပျောက်ဘူးကိုး လို့ ကိုယ့်ဘာသာ မှတ်ချက်ပြုလိုက်တယ်။ "မင်းက အမေးမြန်းထူပေမယ့် ချစ်စရာကောင်းတယ် ဘာလို့ အဲ့လိုတွေ အမေးမြန်းထူနေတာလဲကွ " တဲ့။ "ကျွန်တော်ကြီးရင် မသိသေးတဲ့လူတွေကို ပြန်ပြောပြချင်လို့ပါ" ဆိုတော့ သူ သဘောကျစွာ ကျေနပ်စွာ ပြုံးပြတယ်။ သူ ပင်လုံကနေ အပြီးပြောင်းတော့မယ် ဆိုတဲ့နေ့က ကျွန်တော် ငိုမိပါတယ်။ "မငိုပါနဲ့ကွာ ကံမကုန်ရင် ပြန်ဆုံကြမှာပါလို့ ချော့ပြီး သူသိပ်မြတ်နိုးတဲ့ ဘာဂျာလေးကို ကျွန်တော့်ကို လက်ဆောင် ပေးခဲ့တယ်။ အခုထိ ကျွန်တော် သိမ်းထားမြဲ။ သူ့ကို သတိရရင် (လပြည့်ည) (မောင့်အချစ်ကပိုပါတယ် ) မြန်မာသံစဉ်လေးတွေ အလွမ်းပြေ မှုတ်နေမြဲပါ။ ကံကုန်သွားလို့ထင်ပါရဲ့ ခုထိ သူနဲ့ အဆက်သွယ်မရတော့ပါဘူး။ သူ လူ့လောကမှာ ရှိမှရှိပါသေးရဲ့လား။ လကြတ်တာမြင်တိုင်း သူ့ကို လွမ်းတသသ ဖြစ်မိနေတုန်းပါ။ 
 #ဓမ္မအလင်းရောင်(ပင်လုံမြေ) 8,11,2022 - 7:30 pm လကြတ်ချိန်အမှတ်တရ