ရင်တွင်းပွင့် ကုမုဒြာ
တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက်။
ပေစောင်းစောင်းနဲ့ ဆောင်းက နေကောင်းရုံလေးအေးနေတယ်။
🌨️☃️🌧️🌧️☃️🌧️🌨️🌧️⛄🌧️🌧️🌧️🌧️
အပြည်ပြည်ဆိုင်ရာ နယ်စပ်စည်းမျဉ်းများကို ဖြတ်ကျော်လာ
သော ဥတ္တရလေသည် ပင်လုံဆောင်းနှင့် လာရောက်
ပူးပေါင်းနေ၏။
နှင်းစက်များသည်လည်း ချစ်ခြင်းမေတ္တာရနံ့ဖြင့် ဝေနေတော့သည်။
ဆောင်းနိဒါန်းရဲ့စိုစွတ်ပြန့်နှံ့မှုအောက်မှာ တောင်ပေါ်မြို့လေးသည် အေးစိမ့်စိမ့်နှင့် နေလို့တော့ကောင်းပါသည်။
ဖျောက်ဆိပ်ကြယ်ကြီး လနဲ့နီးနီးမှာ မြင်ရနိုးနဲ့ ကောင်းကင်ကို
မော့ကြည့်မိပေမယ့် ဘယ်ဟာဖျောက်ဆိပ်ကြယ်မှန်းမသိတော့
ခက်သား။
ဆီး နှင်း မြူ တိမ် အသူရိန် မီးခိုး တို့ ကင်းစင်ဝင်းပနေတဲ့ည။
လရောင်ဆမ်းမှ လန်းတတ်တဲ့ ကုမုဒြာတွေပွင့်တဲ့ည။
တန်ဆောင်မုန်း လပြည့်ည။
တန်ဆောင်' မှာ 'မီးတိုင်' ဖြစ်ပြီး 'မှုန်း' မှာ 'ပျံနှံ့စေခြင်း' အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခု ပေါင်းလိုက်လျှင် 'မျက်စိတဆုံး ဆီမီးတိုင်များ ပွားများ ထွန်းလင်းနေသည်' ဟုဆိုလိုသောကြောင့် မီးထွန်းပွဲကို ရည်ညွှန်းပါသည် တဲ့လေ။
#တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက်။
နှင်းကျလိုက် မိုးရွာလိုက်နဲ့ တန်ဆောင်မုန်းသည် မိုးလည်းကျဆဲ
နှင်းဝေမြဲ။
•••••••••••••••••••••••••••••••••••
သစ်ပင်အောက် ခုံတန်းလျားလေးမှာ မှောင်ရိပ်ခိုရင်း
ညကို ငေးကြည့်နေမိသည်။
ညကတော့ ကိုယ့်ကို ပြန်ကြည့်နေမလားမပြောတတ်ပေ။
ဖီးလိမ်းခြယ်သမထားသော်လည်း ညသည် ရိုးရှင်းစွာလှနေ၏။
ဒီလို လဆန်းမျိုး လပြည့်မျိုးတွေဆိုလျှင် ညကလည်း ညဖြစ်ချင်မပေါ့လေ။
လကွယ်ည လမိုက်ညတွေဆို ညကလည်း ညဖြစ်ချင်ပုံမပေါ်ဘူး။
အလင်းမရ အမှောင်ကျတဲ့ လမိုက်ညတွေမှာ
လမင်းကိုလွမ်းရမလား မီးအိမ်ကိုထမ်းရမလား။
မီးအိမ်ကိုထမ်းနေရတာနဲ့ပဲ လမင်းကို မလွမ်းအားခဲ့ကြောင်းတော့ အားနာစွာ ပြောပါရစေတော့။
ဘဝတွေသည် လင်းတလှည့် မှောင်တလှည့်မို့ ။
နှစ်ခြိုက်စွာ အိပ်စက်ခွင့်ပေးရုံနဲ့တင် ညတစ်ညရဲ့တာဝန်က
ကျေပါပြီလေ။
••••••••••••••••••••••
ရာသီဘွဲ့တွေ ဖွဲ့နွဲ့ ပြီး ညတစ်ညကို မှောင်ရိပ်ခိုဖို့ကြံစည်လိုက်သည်။
လပြည့်ညကြီး ထိန်ထိန်သာနေသော်လည်း ဘဝမှောင်နေရသူများကို မှန်းဆမိပြီး သနားမိပြန်သည်။
အတိဒုက္ခသည်များအဖို့ ဘယ်လိုညပင်ဖြစ်စေ
ဘယ်လိုလှသည်ဖြစ်စေ ဘဝအမောတွေ ဖြေ ပြေနိုင်ပါ့မလားနော်။ ညတိုင်းသာယာပြီး ဘဝတိုင်း လှပစေချင်လိုက်တာ။
Screen ကောင်းကင်ပြင်ကြီးကို ကြည့်နေရင်း အတိဒုက္ခ
ရောက်နေတဲ့ post တစ်ခုကို မြင်ယောင်မိပြန်သည်မို့..
နှစ်ပေါင်း ၂၅၀၀ အလွန်က ဗုဒ္ဓခေတ်ကို တစ်ချက် ကလစ်လိုက်မိသည်။
အဇာတသတ်၏ postဟောင်းလေးတွေကို အာရုံpage
မှာ စိတ်ကူးနဲ့ ပြန်ဖတ်နေမိသည်။
ဖတ်ရင်း တွေးရင်းနှင့်ပင် comment များစွာ ပေးနေမိပြန်သည်။
chatbox ကနေ အဇာတသတ်ကို မေးခွန်းတွေ ပို့လိုက်ချင်သည်။
သို့သော် အဇာတသတ်သည် သုဂတိဘုံနှင့်ဆက်သွယ်မှုဧရိယာပြင်ပမှာ။
အဇာတသတ်၏ သုဂတိအကောင့်သည် ယာယီပိတ်ဆို့မိသည်မို့
အွန်လိုင်းမပြ မီးမစိမ်းနိုင်သေးပေ။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သူတကာတွေပျော်နေတဲ့ ဒီလိုညမျိုးမှာ သူမပျော်နိုင်ခဲ့ရရှာဘူး။
ကြတ္တိကာပွဲတော်နဲ့အတူ ကုမုဒြာတို့အလှကို လသာဆောင်ကနေ
ကြည့်ပေမယ့် သူမမြင်ခဲ့ရှာဘူးမဟုတ်လား။
ဖခင်ကို ဖမ်းဆီး ညှင်းဆဲသတ်ဖြတ်ခဲ့ပြီး တိုင်းပြည်အာဏာကို
သိမ်းတဲ့ အာဏာသိမ်းအစိုးရဆိုသော်ငြားလည်း ရင်ထဲမှာ
မငြိမ်းချမ်းရှာဘူး။ နောင်တတရားကိုတော့ ဘယ်အာဏာကမှ
သိမ်းပိုက်နိုင်ခြင်းမရှိရှာ။
ဒကာတော်အရင်းလည်းဖြစ် သောတာပန်အရိယာကြီးလည်း
ဖြစ်တဲ့သူကို သတ်ထားမိတော့ ဆည်းကပ်စရာရယ်လို့သိပေမယ့် ဗုဒ္ဓဆီလည်း မခိုလှုံဝံ့ရှာဘူး။
ဆရာဇီဝက အားကိုးနဲ့ ဘုရားရှင်ဆီ သွားချင်လို့ စကားလမ်း
ကြောင်းပြန်တော့လည်း ဇီဝကထက် နှုတ်သွက်နေသူတွေကြောင့် ဘယ်လောက်စိတ်ပင်ပန်းရရှာမလဲ။
တည့်တည့်မေးမှ ဖြေမယ်ဆိုပြီး ပေကပ်နေတဲ့ ဇီဝကကိုကော
အားမလိုအားမရဖြစ်နေမလား။
ကြားချင်တဲ့စကားကို ပြောနိုင်သူကမပြောမှတော့
တစ်ထစ်လျှော့ပြီး သိချင်ကြောင်း မေးလိုက်ရကတည်းက
သူ...မာနတွေ အတော်ကျနေပါပြီလေ။
နောက်ဆုံးတော့ သရက်တောဥယျာဥ်ထဲမှာ မြတ်ဗုဒ္ဓ၏
ရင်ခွင်ကို သူအမိအရ ခိုလှုံနိုင်ခဲ့လိုက်ပါတယ်။
ရင်တွင်းမှာ တမြေ့မြေ့လောင်ကျွမ်းနေရတဲ့ နောင်တတွေ
ရင်ဖွင့်ပြီး ဝန်ခံလိုက်ရတယ်။
ငြိမ်သက်ငြိမ်းချမ်းလှတဲ့ ရဟန်းပြုရချင်း အကျိုးတရားတွေကို အားကျငေးမောဖွယ် နာယူလိုက်ရတယ်။
ဒေသနာနှင်းစက်အောက်မှာ နှလုံးသားမီးတွေ တဒင်္ဂငြိမ်းခွင့်ရခဲ့ပါတယ်။
အကောင်းထဲကအဆိုး၊ အဆိုးထဲကအကောင်း။
အကြောင်းထဲက အကျိုး၊အကျိုးထဲက အကြောင်းတွေနဲ့
သုဂတိဘုံကိုတော့ ယာယီ offline လုပ်သွားခဲ့ရသူပါ။
ပါရမီအတွင်းသားကိုမှ တူးဖြိုမိခဲ့သည်ကိုး။
သာသနာတော်အတွက်တော့ ပထမသင်္ဂါယနာဒါယကာကြီး
အဖြစ် ထည်ဝါစွာ ရပ်တည်ပြီး စောင့်ရှောက်သွားသေးသည်မို့
သူ့ကို ကျေးဇူးတင်ရပါသည်။
ကိုယ်တွေ သင်ယူ ပို့ချ ဖြေကြားနေတဲ့ ပိဋကတ်စာမျက်နှာတွေဟာ သူ့ကျေးဇူးလည်း မကင်းပေဘူးမဟုတ်လား။
••••••••••••••••••••••••
ပါဝါဘုရင်ကြီး အဇာတသတ်ဟာ
ပါရမီတွေ ပြည့်ဖြိုးနေပေမယ့်
မိတ်ဆွေကောင်းနဲ့လွဲခဲ့ရတယ်
ကလျာဏမိတ္တနဲ့လွဲရင် ပါရမီတွေတောင် ပျက်စီးရရှာတယ်။
ဓမ္မစစ်နဲ့ လွဲခဲ့ရတယ်။ လွတ်မြောက်မှုလမ်းပေါ်ကနေ ချော်ကျခဲ့တယ်။ အဖသတ်တဲ့ မျိုးဆက်တစ်ခုကို ရာဇဝင်တွင်အောင်
အမည်းစက် ထင်ကျန်ရစ်ခဲ့ရတယ်။
ဆရာကောင်း မိတ်ဆွေကောင်း မရလိုက်ခြင်းရဲ့
ဘေးထွက်ဆိုးကျိုးဟာ သံသရာနဲ့ချီပြီး ကြောက်စရာကောင်း
လှတယ်။ သတိ သံဝေဂ ပွားတတ်ရင် ရာဇဝင်ထဲမှာ ပညာယူ
စရာတွေချည်း မဟုတ်လား။
ညသည် ခေါင်းမြီးခြုံ၍ လုံချင်နေပြီ။
ရွှေလမှာဝပ်နေတဲ့ ယုန်လေးနဲ့ ဆန်ဖွတ်တဲ့အဘိုးအိုလည်း
အိပ်ချင်နေရော့။
ကမ္ဘာပေါ်ဆမ်းထားတဲ့ သူတို့ အလင်းနဲ့အတူ
ကမ္ဘာသူ ကမ္ဘာသားများ အားလုံး
စိတ်ချမ်းသာစွာနဲ့ ဘေးကင်းလုံခြုံစွာ အိပ်စက်နိုင်ကြပါစေ။
#ဓမ္မအလင်းရောင်(ပင်လုံမြေ)
7.11.2022
တန်ဆောင်မုန်းလပြည့်ည အမှတ်တရ။
0 Comments
Post a Comment