ပုထုဉ်ပင် ဆိုစေဦးတော့
ပုထုဇဉ်ပင် ဆိုစေဦးတော့
🐢🐢🐢🐢🐢🐢🐢🐢🐢🐢👀
ကမ္ဘာကြီးတိမ်းစောင်းနေခြင်းကို မည်သို့မျှမတက်နိုင်သော်
လည်း မိမိကိုယ်ကိုယ်တည့်မတ်ဖို့ အစဉ်ကြိုးစားနေရသူပါ။
ဟိုမရောက် ဒီမရောက် ယောင်ချာချာနေ့ရက်တွေကိုဖြတ်သန်းရင်း ခုထိ ဘယ်မှမရောက်သေးပြန်။
တစ်နေ့တစ်လံအားဖြင့် စကားလုံးကြီးကြီးအောက်မှာ ပြားပြားမှောက်နေသူတွေထဲ ကိုယ်အပါဝင်။
ဟိုခြစ် ဒီခြစ် ခြစ်ကြည့်လို့ရတဲ့ ပရဟိတစာမျက်နှာအချို့ကတော့ ပန်းချီကားတွေလို ထင်ရှားလိုက်၊ ဝေဝါးလိုက်။
အတ္တဟိတနဲ့ ပရဟိတ နှစ်မျိုးလုံးကို ဒွန်တွဲပြီးလုပ်ရတာဟာ
တစ်ကယ်တော့ ပင်ပန်းလှပါတယ်။ ဘုရားရှင်အလိုတော်ကျ
ပရဟိတကတော့ မပင်ပန်းပါဘူးလေ။
ခေတ်ပေါ်ပရဟိတတွေကတော့ ပင်ပန်းလှပါတယ်။
အများအကျိုးဆိုတဲ့ ခေါင်းစဥ်အောက်မှာ လူမှုရေးကိစ္စတွေကြားဗျာများပြီး စစ်မှန်ပြည့်ဝတဲ့ သာသနာတွင်းသားမဖြစ်လိုက်ရမှာတော့ စိုးရိမ်မိသား။
ပုထုဇဉ်ပင်ဆိုစေဦး သာသနာတွင်းသား ပုထုဇဉ်သာ ဖြစ်လိုပါတယ်။ လောကီ လောကုတ္တရာ သမ္မာဒိဋ္ဌိဉာဏ်နဲ့သာ
အရာရာကို ဆောင်ရွက်လိုပါတယ်။
ပင်ကိုယ်စရိုက်သည် အားလုံးကို ပျော်စေချင်ခဲ့သူပေါ့။
ရံခါလည်း ဒါက ကိုယ့်အားနည်းချက်။
ရံခါလည်း အားလုံးကိုပျော်စေချင်တာ ကိုယ့်အားနည်းချက်
မဟုတ်ပြန်။
စိုင်းထီးဆိုင်လို..
ဟိုလူချော့ရင်း ဒီလူသိပ်ရင်းနဲ့ နောက်ဆုံးတော့
အိပ်ရပျက်ရသူက ကိုယ်ပါလို့ မငြီးတွားချင်တော့ပါဘူး။
အိပ်လက်စညတွေ ပုံမှန်အိပ်စက်ပြီး မက်လက်စအိပ်မက်တွေနဲ့ ဘဝကို နေသားတကျ တည်ဆောက်ရမှာပဲလေ။
ဈေးကြီးတဲ့အိပ်မက်တွေကလည်း အချိန်နဲ့တပြေးညီ
ပေါက်ဈေးအရ လိုက်မမှီတော့ စိုင်းဆိုင်မောဝ်လို
ခွင့်လွှတ်ပြီး ကျန်ခဲ့ရုံပေါ့။
ပန်းခင်းတဲ့ လမ်းအသစ်ကိုရှာဦး။
ကြိုက်တတ်မယ့် အသီးအပွင့်ကိုရှာ..
နားနိုင်မယ့် အရိပ်သစ်ကို ရှာ...
ရေကြည်ရာ မြက်နုရာရှာ...
ရှာ.....
ရှာရင်း ဖွေရင်း ခေါင်းကလေးစင်းပြီး အခေါင်းတွင်း
မဆင်းရဖို့တော့အထူးမြဲမြံတဲ့ သတိရှိရပေဦးမည်။
ရှာဖွေခြင်း အမျိုးမျိုး ရှိသတဲ့။ ဒေသနာတော်မှာတော့
ရှာမှီးခြင်းလို့သုံးတယ်။
အကုသိုလ်ကို အရင်းခံ အမှီပြုပြီး ရှာဖွေကြတယ်။
ကုသိုလ်ကို အရင်းခံ အမှီပြုပြီး ရှာဖွေကြတယ်။
ရာဂကို အမှီပြုပြီး ကိုယ်ခန္ဓာအဆင်းရဲခံရတယ်။
သဒ္ဓါတရားကို အမှီပြုပြီး ကိုယ်ခန္ဓာအဆင်းရဲခံရတယ်။
ရှာဖွေခြင်းလျှင် အကြောင်းရင်းရှိသော ဆင်းရဲဒုက္ခသို့
အစဉ်လိုက်၍ ဖြစ်ရလေ၏ တဲ့။
(ပဋ္ဌာန်းပါဠိတော် ပဉှာဝါရ ဥပနိဿယပစ္စယသတ္တိ)
သင်္ခါရနယ်အတွင်းက မလွတ်ကင်းသေးတော့လည်း၊
အွန်း..
ကိုယ့်ကိုယ်ကိုယ် ရှာမတွေ့သေးသမျှ
ရှာရဖွေရ ရှာဖွေရဦးတော့မပေါ့။
ရှာဖွေသမျှသည် သာသနာတွင်းသား ပုထုဇဥ်အမြင်ဖြင့်သာ
ဖြစ်ပါရစေသော်။
ဓမ္မအလင်းရောင် (ပင်လုံမြေ)
0 Comments
Post a Comment