ခိုက်ခိုက်တုန်နေသော တောင်ပြာတန်းကြီးသည်
မိုးရေ မိုးပေါက်ဒါဏ်ကို မငြင်းဆန်နိုင်ပဲ ငုံ့ခံနေရရှာသည်။
ညသည် မှောင်မိုက်ခြင်းအတိ။
သက်ရှိတွေ အိပ်စက်တဲ့အခါ သက်မဲ့တွေ စိုးမိုးနိုင်လွန်းတယ်။
မိုးခြိမ်းသံတစ်ချက် တစ်ချက်ကျယ်လောင်ခြင်းမှအပ
ထူးခြားသော ဆူညံသံတော့မရှိပါ။
အိမ်ခေါင်မိုးပေါ် စည်းချက်မှန်မှန်ကျနေသော မိုးစက်ကလေးများကသာ မရိုးနိုင်တဲ့ တောင်ပေါ်ဂီတသံ။
ကျနေတဲ့ မိုးစက်ဖြိုးဖျောက်အသံလေးတွေကို ဂန္တဝင်သံစဥ်လိုခံစားရင်း ဂန္တဝင်မြောက်တဲ့ ကိုယ့်ရဲ့ ရတနာဘီရိုကြီးကို
ဆွဲဖွင့်ပြီး ရတနာလေးတွေ လိုက်စုနေဖြစ်သည်။
ပီမိုးနင်း၏ ပီမိုးနင်း
ရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်း
သော်တာဆွေ၏ ကျွန်တော့်ဘဝဇတ်ကြောင်း အတွဲများ
ဦးသန့်
သိန်းဖေမြင့်
အောင်သင်း
စသည်ဖြင့် ကိုယ့်ဘီရိုထဲမှာ ဆရာသခင်တို့ရဲ့ ရတနာလေးတွေ။
မဟာဗုဒ္ဓဝင် ၊အဘိဓမ္မာ၊ဝိသုဒ္ဓိမဂ်ကနေ သမ္မတဆယ်ဆောင်တွဲထိ ။
ပါဠိတော်၊မြန်မာပြန်၊အဋ္ဌကထာ၊ဋီကာမှသည် တွတ်ပီ ဘိုဘိုအထိဝါသနာအရ စုစည်းမှုများ။
စာပေတွေကို ဖတ်ရင် အတ္ထုပ္ပတ္တိတွေကို ဦးစားပေးဖတ်ဖြစ်သည်။
အတ္ထုပ္ပတ္တိစာပေကိုဖတ်ခြင်းသည် အတွေ့ကြုံကောင်းများစွာကို ရ၏။အသက် ၆၀ အရွယ် လူတစ်ဦး၏ ရိုးသားစွာရေးခဲ့သော
အတ္ထုပ္ပတ္တိကိုဖတ်လျှင် မိမိသည် အနှစ် ၆၀ မစောင့်ရပဲ
ဗဟုသုတများ အတွေ့အကြုံများကို တစ်ထိုင်တည်းမှာ ရနိုင်သည်ဟူ၏။ မှန်ပေ၏။
မိမိရှာဖွေနေသော စာအုပ်များမတွေ့ခင် မဟာဗုဒ္ဓဝင်အတွဲတွေကို အရင်ဆုံး ယူဖယ်ရသည်။ အတွေးတစ်စ ဖြာဆင်းသွားပြန်၏။ အတ္ထုပ္ပတ္တိထဲတွင် အကောင်းဆုံးနှင့် အနှစ်သာရအရှိဆုံး အတ္ထုပ္ပတ္တိပါတကား ဟု ဂုဏ်ယူစွာဖြင့် ရင်ဝယ်ပိုက်ထားမိပါသည်။
လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းစာရှိသော ကမ္ဘာ့အကောင်းဆုံးအတ္ထုပ္ပတ္တိ။ ကမ္ဘာ့အနှစ်သာရအရှိဆုံး၊ အတွေ့အကြုံ အသိပညာ လွတ်မြောက်မှု ငြိမ်းချမ်းမှု အစုစုတို့၏ တည်ရာ
ဌာန။
📚📚📚📚📚📚📚📚📚📚📚📚📚📚
မှတ်မှတ်သားသား မရှိတတ်သော မိမိ၏ မှတ်ဉာဏ်သည်
ရံခါ၌ မိမိကို လှောင်ပြောင်လေ့ရှိ၏။
ရှုပ်ပွနေအောင် မွှေနှောက်ရှာဖွေခြင်းသာ လုပ်တတ်ပြီး
ပြန်ပြီး နေရာချရမည်ကို အလွန်ပျင်းတတ်သော အကျင့်သည်ငယ်စဥ်ကတည်းကဖြစ်သည်။
စာပေမသင်ကြားခဲ့ရသူတစ်ယောက်ကျမှ စာပေကိုမက်မက်မောမောကြီးဖြစ်နေတဲ့ အခြေနေသည် ရံခါတွင် ကမောက်ကမနိုင်လှ၏။ သင်ကြားရခြင်းအခွင့်ရေးမရှိသောအခါ စူးစမ်းလေ့လာခြင်းဖြင့် အရှုံးမပေးတမ်း ကြိုးစားရသည်။ ရုန်းရ ကန်ရ ခြင်းသည် လူ့လောက၏ အရသာဟုဆိုပါလျှင် ထို့အတွက်ပေးဆပ်ရသော အချိန်နှင့် အင်အားသည် ဘဝ၏ အရင်းအနှီးသာဖြစ်ရမည်။ ထိုမှ သီးပွင့်လာသောအသီးအပွင့်တို့သည် အကျိုးရင်းအားဖြင့် ပစ္စုပ္ပန်၊အကျိုးဆက်အားဖြင့် အနာဂတ်၊ထိုမှတစ်ဖြာ သံသရာတိုင် ထောက်ပံ့နေဦးမည်။
ရှာနေသောစာအုပ်တွေ့သည့်အခါ လိုချင်သော စာမျက်နှာကို
ထပ်မံဖွေရှာရပြန်သည်။ ရင်ဘက်ပေါ် စာအုပ်လေးတင် မျက်လုံးလေးစင်းပြီး ဝိတက် ဝိစာရ အားဖြင့် သုံးသပ်သောအခါ စျာန်အင်္ဂါတို့ အင်အားမရှိသဖြင့် ကောင်းစွာနှစ်ခြိုက်ခြင်းသို့ရောက်ကာ တမှေးအိပ်စက်မိလေတော့၏။
မိမိစာအုပ်ပုံထဲမှ မြွေတစ်ကောင်ထွက်လာပြီး ရင်ဘက်နား
လာဆော့နေသည်ဟု အိပ်မက်သောအခါ ပြန်လန့်နိုးလာသည်။
နိုးလျှင်နိုးချင်း အလျှင်မြန်ဆုံး နေရာရွှေ့လိုက်သည်။
အိပ်မက်ပါဟု သတိဝင်ခါမှ သက်ပြင်းချနိုင်တော့သည်။
မိမိသည် မြွေသတ္တဝါကို လွန်စွာကြောက်ပါသည်။
အိပ်မက်ဟု သိပင်သိသော်လည်း ကြောက်စိတ်ရယ်ကမပြယ်။တွန့်ဆုတ် တွန့်ဆုတ်နှင့် စာအုပ်လေးတွေ နေရာပြန်ချလိုက်တယ်။ ပွစာလန်နေရင် တစ်ကယ်မြွေဝင်သွားမှာစိုးမိ။
သတ္တဝါပညတ်မြွေတစ်ကောင် ဝင် မဝင်မသေချာပေမယ့်
ဘုရားရှင်သတိပေးတော်မူသော မြွေကတော့ ဝင်နိုင်တာ
သေချာနေသည်။
လာဘ်လာဘ၊အကျော်စောနှင့် သူတပါးကို စာသိဖြင့်အနိုင်ကျင့်ရန် သင်ကြားခြင်း၊ လေ့လာခြင်းများ ဖြစ်ခဲ့ပါမူ ဤစာအုပ်များထဲမှ မြွေများထွက်လာကြမည်သာဖြစ်၏။
ရိုးသားစွာ သင်ကြားလေ့လာခြင်းမရှိသောသူသည်မြွေ၏အမြီးကို ဖမ်းကိုင်ဆွဲသည်နှင့်တူ၏။ ထိုအခါ မြွေပြန်ကိုက်လျှင် ဘေးတွေ့မည်ဖြစ်၏။ ပကတိမြွေဆိပ်သည် ဆယ်ရေး တစ်ရေးကယ်နိုင်သေး၏။ ပရိယတ္တိကို အကိုင်တွယ်မတတ်သော အဆိပ်သည် ကယ်နိုင်ဖွယ်ရာမမြင်။
မိမိသည် မြွေမဖမ်းမိရန် လွန်စွာသတိထားနေရ၏။
သို့သော် ရရှိလာသော ဂုဏ်သတင်း၏ကောင်းခြင်း။
အခြွေရံများခြင်း၊လာဘ်လာဘများခြင်းစသော
လောကီရောင် ချောကလက်များကိုလည်း
သာသာယာယာဖြင့်ထွေးပိုက်ထားချင်ပြန်၏။
မိမိစာအုပ်စင်နှင့် စာကြည့်ခန်းလေးသည် မိုးညသံစဥ်
၏ ချော့သိပ်မှုနှင့် အိပ်စက်နေပေပြီ။
နံရံတွေဆီမှ၊ စာအုပ်ပုံတွေကြားမှ မိမိကို ချောင်းမြောင်းနေသည်ဟု ထင်၍ တစ်ချက် စိုက်ကြည့်လိုက်ရာ
မြွေများစွာတို့၏ ညှို့မျက်ဝန်းများနှင့် အကြည့်ချင်းဆုံရ၏။
မြွေစွယ်လေးတွေကပင် ကြည့်၍လှနေသယောင်ယောင်။
ထွေးအံစွန့်ပစ်ရမည် မက်မောဖွယ်ရာ အဆိပ်များပင်တည်း။
🐍🐍🐍🐍🐍🐍🐍🐍🐍🐍🐍🐍
စာသင်ကြားသူများအတွက် စာသင်နည်းသုံးမျိုးကို
ဤသို့တွေ့ရသည်။
၁။ လာဘ်ရလိုခြင်း၊ ကျော်စော ထင်ရှားလိုခြင်း၊ သူတစ်ပါးကို ချုပ်ချယ်လိုခြင်းစသည်ကြောင့် စာသင်ခြင်းသည် အလဂဒ္ဒူပမာ မည်၏။ မြွေအမြီးကိုလိုက်ဆွဲသည်နှင့် တူ၏။ ပြန်လှည့်ကိုက်လျှင် ဒုက္ခပင်တည်း။
အလ-ပြည့်သော + ဂဒ-အဆိပ် + ရှိသည်။ ပြည့်သော အဆိပ်ရှိသောကြောင့် မြွေသည် အလဂဒ္ဒမည်၏။ အလံပရိပုဏ္ဏ + ဂဒံဝိသံ + အဿာတိအလဂဒ္ဓေါ၊
မြွေကိုက်လျှင် အသက်သာသေ၏။
ကဿပဘုရား သာသနာတော်၌ ကပိလ
ရဟန်းသည် စာတတ်ပုဂ္ဂိုလ်ကြီးဖြစ်၍ လဇ္ဇီသူတော်ကောင်းတို့ကို စာဖြင့်ချုပ်ချယ်သောကြောင့် အဝီစိသို့ရောက်၏။ ယခု ဘုရားလက်ထက် ပုပ်ဟောင်သောပါးစပ်ဖြင့် ရွှေငါးကြီးဖြစ်၏။ ဘုရားရှင်၏ မျက်မှောက်တော်တွင် မိမိဖြစ်အင်
ပြန်ပြော၍သေပြီး အဝီစိသို့ ပြန်သွားကြောင်း ဓမ္မပဒ (၂၄) တဏှာဝဂ်၌ဆို၏။
#အလဇ္ဇီစာတတ်လျှင်အပါယ်ရိက္ခာအပါယ်စရိတ်ပြည့်စုံ၏။ ဤနည်းမျိုးစာသင်ခြင်းထက် မသင်ဘဲ အိပ်နေလျှင် မြတ်၏။
၂။ သဒ္ဓါပဗ္ဗဇိတကုလပုတ္တတို့ကား သီလနည်းတွေ့လျှင် နည်းယူ၍ ကျင့်ပါအံ့၊သမာဓိနည်း, ပညာနည်းတွေ့လျှင် နည်းယူ၍ မဂ်ဖိုလ်ရအောင် ကျင့်ပါအံ့ဟုသင်ယူကုန်၏။ ဤသို့ စာသင်ခြင်းသည် ထွက်မြောက်ခြင်း အကျိုးရှိ၏။
နိဿရဏတ္ထာ မည်၏။
၃။ ရဟန္တာများ စာသင်ခြင်းသည် ကျင့်နည်းအတွက် မဟုတ်၊ အဆက်အနွယ်မပျက်အောင် သင်သောကြောင့် ဘဏ္ဍာဂါရိကာ မည်၏။ ဘဏ္ဍာစိုး၊ ဘဏ္ဍာတိုက်စောင့်သည်နှင့်တူ၏။
ရဟန္တာ- ဘဏ္ဍာစိုးပမာ တစ်နည်းသာ၊ သေက္ခာပုဂ္ဂိုလ်-ဝဋ်မှထွက်မြောက်ခြင်းငှာတစ်နည်းသာ၊ ပုထုဇဉ်-ထွက်မြောက်ခြင်းငှာ, မြွေမြီးဆွဲပမာ နှစ်နည်းသင်၏။
ထွက်မြောက်ခြင်းငှာ သင်ရန် သတိပြုရာ၏။
(ဝိသုဒ္ဓိမဂ်- ဓမ္မာနုဿတိပိုင်း)
ဓမ္မအလင်းရောင် (ပင်လုံမြေ)
0 Comments
Post a Comment