ပဋ္ဌာန်းရွတ်ရင် အိမ်ခိုက်တယ်တဲ့လား☺️ အရင်တုန်းကလည်း မကြာခဏဆိုသလို ကြားမိပါတယ်။ fb ပေါ်မှာလည်း တွေ့ရတယ် ပဋ္ဌာန်းရွတ်ရင် အိမ်ခိုက်တယ် ဆိုပြီး မကြာခဏတွေ့မြင် ကြားသိရပါတယ်။ ဒါက မမှန်ပါဘူးနော်။ မြတ်စွာဘုရားရှင်ရဲ့ ဒေသနာတွေဟာ ဘယ်ဒေသနာကမှ ရွတ်ဖတ်ပူဇော်သူကို ကောင်းကျိုးမှ မတားမြစ်ပါဘူး။ သဒ္ဓါနဲ့ ရွတ်ခြင်း ၊ ပညာ နဲ့ပူဇော်ခြင်းသာ အသိဉာဏ်အဆင့်တန်းအလိုက် ကွဲပြားမှုရှိကြမယ်။ အကျိုးပေးလည်း ကွာခြား မှုရှိပါတယ်။ အကျိုးပေးတဲ့အခါမှာတော့ ဧကန်မုချ ကောင်းကျိုးကိုသာ ပေးပါတယ်။ ဒါကို သံသယမရှိယုံကြည်ပါ။ ပူဇော်ရွတ်ဖတ်သူက ကုသိုလ်စိတ်လေးနဲ့ ရွတ်ဖို့သာ အရေးကြီးပါတယ်။ ကုသိုလ်ဟာ အပြစ်ကင်းတယ်၊ ကောင်းကျိုးကိုသာ ပေးတတ်ပါတယ်။ ပဋ္ဌာန်းဒေသနာဟာ မြတ်ဗုဒ္ဓရဲ့နက်နဲထူးဆန်းတဲ့ ဒေသနာမို့ ပူဇော်ရွတ်ဖတ်သူကို နတ်ဗြဟ္မာတွေက လေးစားချစ်ခင်ကြပါတယ်။ နတ် ဗြဟ္မာတို့က လေးစားချစ်ခင်ကြတာကြောင့် မကောင်းတဲ့ ဘေးရန်တွေကိုလည်း ကာကွယ် တားဆီးပေးကြ စောင့်ရှောက် ပေးကြပါတယ်။ #ပူဇော်မယ်ဆိုရင် ပဋ္ဌာန်းပူဇော်တော့မယ်ဆိုရင် အများစုက ပရိကံကိစ္စလေးတွေ အခြေခံလုပ်လေ့ရှိတာတွေ့ရပါတယ်။ သရဏဂုံခံယူတာ၊ သီလဆောက်တည်တာ ၊ပရိတ်တော်များ ရွတ်ဖတ်တာ စသည်ဖြင့် မတူကွဲပြားမှုကော တူညီမှုကောများ နဲ့ ကိုယ်စီ ကိုယ်စီ ပြုလုပ်ကြပါတယ်။ ပြီးတော့ နတ်ဖိတ်တာမျိုးတွေလည်း လုပ်ကြပါတယ်။ ပြီးမှ ပဋ္ဌာန်းရွတ်ဖတ်ကြတယ်။ ကောင်းသောလုပ်ဆောင်ချက် တွေမို့ ကုသိုလ်ရတယ်။ ကုသိုလ်ရဲ့ အကျိုး ကောင်းကျိုးတွေ စံစားကြရမှာပါ။ ပူဇော်သူက ရိုးသားစွာ ကုသိုလ်စိတ်နဲ့သာ ပူဇော်ပါ။ အကျိုးပေးက တရားသဘောအတိုင်းဆောင်ပါလိမ့်မယ်။ အကျိုးပေးကို မျှော်ကိုးလွန်းပြီး ရိုးသားမှုနည်းတဲ့ ပူဇော်ခြင်း တွေကတော့ သတိထားကြစေချင်ပါတယ်။ ပဋ္ဌာန်းကို သင်္ချာအရေအတွက်ကို အဓိကအာရုံပြုပြီး အခေါက်ရေနဲ့ရွတ်တာ၊ ပုတီးလုံးနဲ့ စိပ်ချတာ၊ ပဋ္ဌာန်းစေတီဆိုပြီး ကြံကြီးစည်ရာတွေလုပ်ကြတာ၊ ပြီးတော့ စည်းချဂါထာလိုလို ခြံဝိုင်းအစောင့် အဆင့်လောက်သာထားပြီး တရားတော် ကို တလွဲအသုံးချတာတွေကတော့ မူလပြုလုပ်သူကိုယ်တိုင်က ရိုးသားဖြူစင်တဲ့ သဒ္ဓါတရားနဲ့မဟုတ်နေပါဘူး။ #မာယာကင်းသောရတနာ ရတနာမြတ်သုံးပါးဟာ လောကအတွက် မာယာကင်းစွာနဲ့ ပေါ်ထွန်းလာပေမယ့် လောကလူသားတွေဟာ မာယာတွေနဲ့ သိမ်းပိုက်ကြတယ်။ မာယာတွေနဲ့ အသုံးချကြတာကို စိတ်မကောင်းဖွယ်ရာ မြင်ရ တွေ့ရပါတယ်။ အလွန်ခက်ခဲ ၊အလွန်နက်နဲ ၊အလွန်ထူးဆန်းတဲ့ ပညာဒေသနာ တော်ကြီးကို မိမိတို့ရဲ့ အလိုလောဘနဲ့ မာယာမကင်းစွာ ရွတ်ဖတ်ချင်ကြ ပူဇော်ချင်ကြတာကများပါတယ်။ ဒါကြောင့်လည်း သဒ္ဓါအတုအဆင့်မှာသာရပ်နေပြီး သဒ္ဓါစစ်စစ်အဖြစ် မရောက်ရှိကြပါဘူး။ ပညာအဆင့်ဆိုတာ ဝေးပါသေးတယ်။ နောက်ပိုင်းမှာတော့ ပဋ္ဌာန်းရွတ်ရင် ခိုက်တတ်တယ် လက်တွေ့ကို ခိုက်တာတွေကြုံရတယ်လို့ တွေ့မြင်ကြားသိလာ ရပါတယ်။ ဘုရားရှင်ကို အားနာဖို့ကောင်းပါတယ်။ တရားတော်ကို အားနာဖို့သင့်ပါတယ်။ ဘယ်လောက်ပဲ ကောင်းစေကာမူ အားလုံးကတော့ ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ယောက်ျားပဋ္ဌာန်းရွတ်တာကို မိန်းမက မကြိုက်တာ၊ မိန်းမပဋ္ဌာန်းရွတ်တာကို ယောက်ျားကမကြိုက်တာ၊ မိသားစုဝင်အချင်းချင်း မကြိုက်တာ၊ ဘေးပတ်ဝန်းကျင်က မကြိုက်တာ၊ တစ်ချို့ အောက်တန်းစားနတ်တွေက မကြိုက်တာ၊ ဒါမျိုးတွေကတော့ရှိနိုင်ပါတယ်။ ဒါက ဘာမှ ထူးဆန်း တာတော့မဟုတ်ပါဘူး။ စီးပွားရေး ကျန်းမာရေး စသည့် အရေးမျိုးစုံတို့ရဲ့ တိုးတက်မှု ကျဆင်းမှုများဟာ လူသားတိုင်း အိမ်ထောင်စုတိုင်း မလွဲမသွေ တွေ့ကြုံနေကြရတာချည်းပါပဲ။ ပဋ္ဌာန်းရွတ်လို့ စီးပွားဖြစ်တယ်၊ ကျတယ် ဆိုတာတွေက သိပ်အရေးမပါတဲ့ ဘေးထွက် အကျိုးဆက်တွေသာဖြစ်ပါတယ်။ အဲဒီလို အယူဆတွေ အဲဒီလိုမျှော်လင့်ချက်တွေ၊ သံသယတွေနဲ့ ရတနာမြတ်သုံးပါးအပေါ် ဝိစိကိစ္ဆာပွားခြင်း(ယုံမှားသံသယထားခြင်း) လုံးဝမဖြစ်သင့်ပါဘူး။ သဗ္ဗညုတဘုရားရှင်ရဲ့ ဒေသနာတွေကို ဂုဏ်တော်ပွားများ ပူဇော်ရွတ်ပွားတာမှာ မိမိတို့ရဲ့ မလိုဒေါသ လိုလောဘတွေနဲ့ မသိမ်းပိုက်ပဲ ရိုးသားစွာနဲ့ မာယာကင်းကင်း ရွတ်ဖတ် ပူဇော်ကြပါ။ ဒါမှ သဒ္ဓါအားကောင်းပြီး ပညာပွားဖို့ထိ အဆင့်ဆင့်မြင့်လာပါလိမ့်မယ်။ တရားတော်ကို တစ်ကယ်ကြည်ညိုရိုးမှန်ရင် ခိုက်ရုံမကလို့ ဘာတွေပဲ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေပါစေ တုန်လှုပ်ရိုးမရှိပါဘူး။ တရားတွေ ရွတ်ဖတ်ပူဇော်ခြင်းကို လောဘ ဒေါသတွေနဲ့ တိုင်းတာပြီး ရွတ်ကောင်းတယ် မရွတ်ကောင်းဘူး ချင့်ချိန် နေရသေးရင် ပင်ကိုယ်အခံစိတ်မှာ မရိုးသားသေးဘူးဆိုတာ သိပါ။ အဲဒီ့သံသယစိတ်နဲ့ ရွတ်နေမယ့်အစား တရားရတနာ ဆိုတာကို တစ်ကယ်သိအောင် ရှေးဦးစွာ လေ့လာကြပါလို့ တိုက်တွန်းလိုပါတယ်။ ထပ်လောင်းပြောပြချင်တာကတော့ ရတနာမြတ်သုံးပါးကို ပူဇော်လို့ ခိုက်တယ်ဆိုတာ လုံးဝမရှိပါဘူး။ ပူဇော်သူက အသိဉာဏ်နဲ့ယှဥ်တဲ့ သဒ္ဓါတရား ၊ ရိုးသားမှု၊ မာယာကင်းမှုသာ လိုပါတယ်။ မာယာကင်းစွာ ပူဇော်တတ်ကြပါစေ။ ဓမ္မအလင်းရောင်(ပင်လုံမြေ)