မှန်ကန်သောချမ်းသာကို မှားယွင်းစွာရှာမှီးကြခြင်း 
🐢🐢🐢🐢🐢🐢🐢🐢🐢🐢🐢 
 အောင်လံဆရာတော် ဦးစန္ဒိမာဝါဒ ဝိနိစ္ဆယအကြောင်းကို ရေးတင်လိုက်သောအခါ ထိုအယူဝါဒနှင့် ထိုအကျင့်ကို နှစ်ခြိုက်ကြသော မိတ်ဆွေများသည် မိမိအားဆက် သွယ်၍ အလွန်သနားသောဟန်၊ အရိယာကိုပစ်မှားမိသောကြောင့် မဂ်တား၊ဖိုလ်တားအန္တရာယ်ထိရောက်သွားလေဟန်ဖြင့် ပြောဆိုလာကြပါသည်။ အဓိက အသားပေးသုံးနှုံးကြသော စကားမှာ၊ အောင်လံစခန်းများ၌ ကိုယ်တိုင်ဝင်ကြည့်သင့်ကြောင်း၊ ကိုယ်တိုင်အားထုတ်ကြည့်သင့်ကြောင်းနှင့် ထိုသို့အားထုတ်ပါက ထူးကဲသော ငြိမ်းချမ်း ခြင်းမျိုး၊ ခံနိုင်ရည်ရှိသော တရားထိုင်ခြင်းမျိုးများ ကိုယ်တွေ့ သိလာလိမ့်မည်ဟု ပြောဆိုကြပါသည်။ စာပေပရိယတ်အသိနှင့် ရပ်မနေဘဲ ကိုယ်တွေ့အဆင့်ထိရောက် အောင် အားထုတ်ကြည့်စေချင်ကြောင်း စေတနာများ ထပ်လောင်း၍ ပြောဆိုကြပါသည်။ မိမိအပေါ် မိတ်ဆွေစိတ်ဖြင့် ပြောဆို ဆွေးနွေး ပြသကြခြင်းအား ကျေးဇူးတင်စွာဖြင့် အသိအမှတ်ပြုပါသည်။ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ပဋိပတ်လမ်းစဥ်သည် ပရိယတ်နှင့် မညီညွတ်နေပါက၊ ပရိယတ်မှ သွေဖယ်နေပါက၊ရဲရင့်စွာ ပယ်ချရမည်ဟု မိမိသည် အခိုင်မာ ဆုံးဖြတ်ချက်ချထားနိုင်ပြီးသူဖြစ်ပါသည်။ ပရိယတ်ကင်းသော ပဋိပတ်သည် လမ်းမှားကိုသာ ဧကန်လျှောက်လှမ်းကြရမည်ဖြစ်ပါသည်။ ကိုယ်တိုင်အားထုတ် ခံစားနေရသော အသိအမြင်များ၊အတွေ့အကြုံများ၊ ဝေဒနာကို သည်းခံနိုင်စွမ်းများသည် ကိုယ်တွေ့ခံစားရသည်မို့ အမှန်ဟု ထင်လိုက ထင်နိုင်သည်။ သို့သော် အထင်သည် အထင်သာဖြစ်၍ အမှန်တော့မဖြစ်နိုင်ကြောင်း သတိထားရပါမည်။ အချိန်ကြာကြာ ထိုင်နိုင်ခြင်း၊ ဒုက္ခဝေဒနာကို ကောင်းစွာသည်း ခံနိုင်ခြင်း များသည် အလေ့အကျင့်၏ ရလာဘ်သာဖြစ်သည်။ မဂ္ဂင်ရှစ်ပါးနဲ့မလျော် သစ္စာတရားမြင်ရန် အကြောင်းမဟုတ်ပါ က အလေ့အကျင့်မျှသာဖြစ်ကာ တရားအသိနှင့်ကြာလေ ဝေးလေဖြစ်ပါမည်။ ထိုသို့ ပြင်းထန်သော အကျင့်မျိုး၊ ထို့ထက်ပြင်းထန်သော အကျင့်မျိုးကျင့်သုံးကာ ကိုယ့်ကိုယ်ကိုယ် မှန်လှပြီ ဟုတ်လှ ပြီထင်သော သူများသည် ယခုမှ ပေါ်ပေါက်လာကြသည်မဟုတ်၊ ဘုရားမပွင့်သောကာလ ၊သာသနာပတွေမှာ ဒီထက်ပင် ပို၍ များပြားကြပါသည်။ ဝါဒ တစ်ခုကို သက်ဝင်မိသော ဝါဒီရှင်သည် မိမိတို့သည် အမှန်ဖြစ်ကြောင်းကိုလည်း ကြံကြံဖန်ဖန် သုံးသပ် ဆုံးဖြတ်ကြသည်ချည်းဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်တွေ့ ငါတွေ့ ဟူသော အတွေ့အကြုံများ အသိပညာများသည် ထူးဆန်းသောအရာများတော့ မဟုတ်ချေ။ မြတ်ဗုဒ္ဓ၏ လမ်းစဥ်မဟုတ်သော အခြားတိတ္ထိအယူအဆများဖြင့် ပင်ပန်း ဆင်းရဲစွာ ကြိုးစားကြကုန်သော သာသနာပသားတွေသည်လည်း ၎င်းတို့၏ ကိုယ်တွေ့ ငါတွေ့ဟု ဆိုကာ အကျင့်မှားများကို ဆုက်ကိုင်ထားကြစမြဲဖြစ်ပါသည်။ ထိုအကျင့်များ ထိုအယူအဆများကို ဘုရားရှင်သည် ပြတ်သား စွာ ပယ်ချတော်မူခဲ့ပါသည်။ မည်မျှပင် အဆင်းရဲခံနိုင်စေ၊မည်သို့ပင် ဒုက္ခဝေဒနာကို ကျော်လွန်သည်းခံနိုင်ပါစေ၊ မည်သို့သော အတွေ့ကြုံကြီး အသိညာဏ်ကြီး ရနေပါသည်ဖြစ်စေ ထိုအကျင့် ထိုအသိများသည်... ၁။သစ္စာကိုမှန်ကန်စွာသိမြင်ရခြင်းမရှိပါက ၂။သစ္စာကို မှန်ကန်စွာ သိကြောင်းမဟုတ်ပါက ၃။မဂ္ဂင် ရှစ်ပါး တရားနှင့် လမ်းစဥ်မကျပါက ထိုအလေ့အကျင့်များသည် မှားယွင်းသော အလေ့အကျင့်များသာဖြစ်သည်။ တနည်းအားဖြင့် အတ္တကိလမထာနုယောဂ ဟူသော အကျင့်လွန်နေခြင်းသာဖြစ်သည်။ မိမိတို့အလိုရှိသည်မှာ မဂ်တရား၊ဖိုလ်တရား၊နိဗ္ဗာန်ချမ်းသာ ဟု မြတ်ဗုဒ္ဓ၏ သာသနာတွင်းတရားတော်နှင့်အညီ အလိုရှိကြခြင်းသည် အင်မတန် မွန်မြတ်သော သမ္မာဆန္ဒဖြစ်ပါသည်။ အလိုရှိအပ် တောင့်တအပ်သော ပန်းတိုင်ဖြစ်သောကြောင့် မှန်ကန်သော ချမ်းသာကို ရှာဖွေကြခြင်းဖြစ်ပါသည်။ ထိုစိတ်အား လေးစားစွာဖြင့် သာဓုခေါ်ပါသည်။ အလိုရှိအပ်သော ချမ်းသာခြင်းကို ရှာမှီးရာတွင်၊ဆည်းပူးရာ တွင်၊ အားထုတ်ကျင့်သုံးရာတွင်လည်း မှန်ကန်မှုရှိစေဖို့ အလွန့်အလွန်အရေးကြီးပါသည်။ မြတ်စွာဘုရားရှင် ဟောတော်မူခဲ့သော ဒေသနာများနှင့် ကိုက်ညီခြင်းမရှိသော အကျင့်များ၊ မြတ်စွာဘုရား၏ ဝါဒ မဟုတ်သည်ကို ဘုရားရှင်ဝါဒဟုတ်သယောင်ယောင်နှင့် ဟောပြော သင်ပြနေသော အယူ အကျင့်များကို ယုံမှတ်၍ ပုံအပ်ကာ ကျင့်သုံးကြမည်ဆိုပါက မှားယွင်းစွာ ဆည်းပူးကြသည်သာဖြစ်သည်။ ဓမ္မ ဝိနယဟူသော ဘုရားရှင်ထားရစ်တော်မူခဲ့သည့် သာသနာသည် ပရိယတ္တိကန်သင်းအဖြစ် ခိုင်ခိုင်မာမာရှိနေ ဆဲအခါဖြစ်ပါသည်။ ထိုထို ပရိယတ္တိမှဒေသနာများနှင့် မလျော်ညီသော အကျင့် များကို အမှန်ဟုထင်ပြီး ကျင့်သုံးနေသည် ဆိုပါက မှန်ကန်သောချမ်းသာကို မှားယွင်းစွာဖြင့် ရှာမှီးကြခြင်း၊ ဆည်းပူးကြခြင်းသာဖြစ်ပါသည်။ ဓမ္မစက်, အာဏာစက်ဖြင့် တားမြစ်နိုင်စွမ်းမရှိသော မိမိသည်၊ မေတ္တာဓာတ်ဖြင့်လည်းကောင်း၊ သာသနာကို မြတ်နိုးစိတ်ဖြင့် လည်းကောင်း အသိပေးရုံ သတိပေးရုံ၊ မျှဝေရုံသာတက်နိုင် ပါသည်။ လက်ခံ ကျင့်သုံးခြင်း၊ စူးစမ်းလေ့လာခြင်းများသည် ကိုယ်စီ ကိုယ်စီ၏ ကိုယ်ပိုင်အခွင့်ရေးသာဖြစ်ပါကြောင်း..။ ပုဂ္ဂိုလ်ကိုမငဲ့ ဓမ္မဖြင့်သာတည့်မတ်စွာ တည်ဆောက်နိုင်ကြပါစေ။ ဓမ္မအလင်းရောင် (ပင်လုံမြေ)