ဝိနိစ္ဆယတင်ခြင်းသည် မှားသောအရာများကို စနစ်တကျ ခိုင်ခိုင်လုံလုံ စုစည်းကာ စောဒနာတင်သွင်း
နိုင်ရန် တည်ဆောက်ရသည်။ အရပ်စကားနှင့်ဆိုရလျှင် အမှုဖွင့်တိုင်တန်းခြင်းမျိုးပင်ဖြစ်ပါသည်။
အဓမ္မလော ဓမ္မလော ကွဲပြားအောင် စီစစ်ဆုံးဖြတ်ပေးပါရန် ဝိနိစ္ဆယခုံရုံးသို့ တင်ပြရပါသည်။
ဝိနိစ္ဆယခုံရုံးမှ အမှုကိုလက်ခံ၍ တိုင်ကြားခံရသူ ကာယကံရှင်ကို အကြောင်းကြားကာ ဖြေရှင်းစေပါသည်။
တိုင်ကြားခံရသူသည် မိမိ၏ ဟောပြောပြသခြင်းများမှာ ဓမ္မနှင့်လျော်ညီပါကြောင်း ခိုင်လုံသောအထောက်ထားဖြင့်
ပြန်လည်ဖြေရှင်းရပါသည်၊ သောဓနာသည်ဟု ခေါ်ပါသည်။
ထိုသို့ တင်ပြတိုင်တန်းသူ နှင့် ပြန်လည်ဖြေရှင်းသူတို့၏ ဓမ္မ အဓမ္မ အငြင်းပွားမှုအား နိုင်ငံတော်သံဃနာယကအဖွဲ့မှ
ဖွဲ့စည်းပေးအပ်သော နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့မှ စီစစ်၍ ဆုံးဖြတ်ချက်ချရပါသည်။
ထိုဆုံးဖြတ်ချက်ချခြင်းကိုပင် ဝိနိစ္ဆယချသည်ဟု ခေါ်ပါသည်။
ဆိုလိုသည်မှာ ဓမ္မ အဓမ္မ အငြင်းပွားမှုမှ ဖြစ်ပေါ်လာသော ဝိနိစ္ဆယသည် တိုင်တန်းသူ ဖြေရှင်းသူနှင့်
စီစစ်ဆုံးဖြတ်ပေးသူများ စစ်မှန်စွာပေါ်ပေါက်လာခြင်းသာဖြစ်သည်။ ခပ်လွယ်လွယ်နှင့် ဝေဖန်တိုက်ခိုက်ချင်ရုံသက်သက်နှင့်
ပေါ်ပေါက်လာခြင်းမဟုတ်သည်ကို သိမှတ်နားလည်ထားရန်လိုအပ်ပါသည်။ ထိုသို့နားလည်သဘောပေါက်ထားခြင်းမရှိပါက
ပုဂ္ဂိုလ်စွဲ ဆရာစွဲများဖြင့် ဓမ္မနှင့် ဓမ္မဝါဒီများကို ပစ်မှားစော်ကားမိတတ်သည်။ ဓမ္မကိုပစ်မှားလျှင် ဗုဒ္ဓကို ပစ်မှားသည်နှင့်
အတူတူပင်ဖြစ်တော့၏။
အဓမ္မဝါဒများသည် မိမိမှတ်သားမိသမျှ ဝိနိစ္ဆယ ၁၉ ခု ထွက်ရှိပြီးဖြစ်သည်။ (မိမိမသိသော အပို အလို ရှိနိုင်သည်)
ထို အဓမ္မဝါဒ ဝိနိစ္ဆယ များတွင် အောင်လံဆရာတော် ဦးစန္ဒိမာ၏ အဓမ္မသည် ယခုကာလ (၂၀၂၂)ခုနှစ် နောက်ဆုံးထွက်ရှိခြင်းဖြစ်သည်။
အောင်လံဆရာတော် ဦးစန္ဒိမာဝါဒ ဝိနိစ္ဆယ
အောင်လံဆရာတော် ဦးစန္ဒိမာသည် သဲအင်းဂူတိုက်ခွဲ အမှတ်(၃၂)မှ ဓမ္မကထိကဆရာတော်ဟု သိသူများကြပါသည်။
ဦးစန္ဒိမာ၏ ဟောတရားများ၊ ညွှန်ကြားသော ကျင့်စဉ်များသည် ဗုဒ္ဓဝါဒမဟုတ် ဦးစန္ဒိမာ၏ ဝါဒသာဖြစ်ကြောင်း
ဗုဒ္ဓတရားတော်များနှင့် ကိုက်ညီလျော်ကန်ခြင်းမရှိ ဟု စောဒကပုဂ္ဂိုလ်များက စောဒကတင်သွင်းကြသည်။
ဦးစန္ဒိမာမှ သူ၏ ဟောတရားများ၊ ကျင့်စဉ်နည်းစနစ်များ၊ ရေးသားသော စာအုပ်များသည် ဗုဒ္ဓဓမ္မနှင့်လျော်ညီသည်ဟု
သောဓနာများ ပြန်လည်တင်သွင်းခြင်းနှင့်အတူ သူ၏ ကျင့်စဉ်များကိုပါ တင်ပြထားသည်ကို သောဓနာစာအုပ်၌ တွေ့ရှိရ၏။
ထို ဓမ္မ အဓမ္မ အငြင်းပွားမှုအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်, နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ဖွဲ့စည်းပေးအပ်သော
နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁၉/၂၀၂၀) မှ - ၁၁-၁-၂၀၂၂-အင်္ဂါနေ့တွင် ဝိနိစ္ဆယ(ဆုံးဖြတ်ချက်) ချတော်မူခဲ့ပါသည်။
ထိုဆုံးဖြတ်ချက်များအရ ဦးစန္ဒိမာ၏ ဟောတရားများ စာအုပ်များ ကျင့်စဉ်များသည် ဗုဒ္ဓဝါဒ မဟုတ် ဦးစန္ဒိမာ၏အဓမ္မများသာဖြစ်ကြောင်း
ဆုံးဖြတ်တော်မူကြသည်ကို တွေ့ရသည်။
အနည်းငယ် အထောက်ထားဖြင့် တင်ပြပါဦးမည်။
အောင်လံ ဦးစန္ဒိမာ၏ တရားပြနည်းကို အားကိုးလောက်သော ပြသနည်းဟုဆိုရန် ခဲယဉ်းလှပါ၏။(ဦးစန္ဒိမာဝါဒ ဝိနိစ္ဆယ-စာမျက်နှာ-ဇ)
အောင်လံဦးစန္ဒိမာ၏ တရားပြနည်းသည် ဗုဒ္ဓဝါဒမဟုတ်၊ အောင်လံဦးစန္ဒိမာ၏ ဝါဒ၊အောင်လံဦးစန္ဒိမာ၏ တရားပြနည်းသာဖြစ်၏ဟု မှတ်ယူရမည်။(စာ-၇)
အောင်လံဦးစန္ဒိမာ၏ အယူအဆ အဓမ္မဝါဒသာဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။(စာ-၁၅)
အောင်လံဦးစန္ဒိမာ၏ ဟောပြောချက်သည် အတ္တကိလမထာနုယောဂ ၊ အဓမ္မဝါဒသာဖြစ်သည်။(စာ-၂၉)
အောင်လံဦးစန္ဒိမာ၏ မဂ် ဖိုလ်ကူးနည်းသည် ဒေသနာတော်နှင့်မညီဟု မှတ်ပါ။(စာ-၃၀)
ပင်ပန်းဆင်းရဲခံလျက် ကျင့်ကြသော အောင်လံဦးစန္ဒိမာနှင့် သူ၏သာဝကများမှာ တရားတော့ရမှာမဟုတ်၊သေရုံသာရှိကြမည်ဖြစ်၏။(စာ-၃၀)
စာရေးသူ၏ တိုက်တွန်းလွှာ...
မြတ်စွာဘုရားရှင်၏ သာသနာတော်သည် မွန်မြတ်သန့်စင်၍ မာယာကင်းသောသာသနာတော်ဖြစ်ပါသည်။
ပုဂ္ဂိုလ်နောက်လိုက်ခြင်းကို တားမြစ်ကာ ဓမ္မနောက် လိုက်ကြရန် ဗုဒ္ဓသည် ဆုံးမတော်မူပါသည်။
ဓမ္မဟူသည် သင်္ဂါယနာအဆက်ဆက်ဖြင့် သံဃာတော်အရှင်သူများ လက်ဆင့်ကမ်း၍ ထိန်းသိမ်းထားကြသည်။
ထင်ရှားရှိနေသော တရားတော်များနှင့်၊ ထင်ရှားရှိနေသော ဓမ္မ ဝိနယဆောင် ပုဂ္ဂိုလ်တို့၏ စီစစ်တည်းဖြတ် သုဓ်သင်အပ်သော
ဤ ဝိနိစ္ဆယကျမ်းစာများအား ယုံကြည်စွာဖြင့် အဓမ္မဝါဒများကို ရဲရင့် မှန်ကန်စွာ ရှောင်ရှားနိုင်ကြပါစေကုန်သတည်း။
ဓမ္မအလင်းရောင် (ပင်လုံမြေ)
0 Comments
Post a Comment