အမေသည် ငါ့ကို အမြဲရှင်အောင် မမွေးနိုင်။
သေဖို့သာမွေးထားပေ၏။
ထို့ကြောင့် ကျွန်ုပ်ကို ရဟန်းပြုခြင်းမှ မတားမြင်ပါနဲ့မိခင်။
(ဝိသုဒ္ဓိမဂ် -မရဏဿတိပွားပုံအပိုင်းမှ)
🐢🐢🐢🐢🐢🐢🐢🐢🐢🐢🐢🐢🐢
ချမ်းစိမ့်စိမ့်ညချမ်းသည် မိုးမိထား၍အေးစက်စက်ပါဖြစ်နေ၏။
ဝိသုဒ္ဓိမဂ်မှစာတွေ ဒုတိယမ္ပိပြန်လေ့လာရင်း အထက်ပါစာသား
လေးကို သတိထားမိပြန်သည်။
သာသနာ့ဘောင်တွင် နေချင်၍ မိခင်သို့ ခွင့်ပန်နေဟန်။
မှိုသည် မြေကြီးကို ခေါင်းပေါ်ရွက်၍ ထိုးထွက်လာရသလို
သတ္တဝါတို့သည် သေခြင်းတရားကို ရင်ဝယ်ပိုက်ပြီး မွေးဖွား
လာကြသည်ချည်းသာ...
ဤခရီးသည် နီးသလား၊ ဝေးသလား မပြောနိုင်
ဤခရီးသည် မြန်ခြင်း နှေးခြင်း သာကွာမည်
သတ္တဝါအားလုံးတို့သည် ဧကန်မလွဲရောက်စမြဲနေရာသာဖြစ်
ပါသည်။ ထိုတောင်ကို မည်သူမျှ မကျော်နိုင်ခြေ။
မွေးဖွားခြင်းမှ စတင်ထွက်ခွာခဲ့ခြင်းသည် သေဆုံးခြင်းဟူသော
ဘူတာရုံကြီး၌ အဆုံးသတ်ကြမည်ဖြစ်သည်။
ဘဝဟူသော ဤ ရထားပေါ်တွင် ခရီးသည်များသည်အလွှာမျိုး
စုံ အခြေနေမျိုးစုံနှင့် ခရီးတွင်တွင် နှင်ကြသည်။
အချို့သည် ကံကောင်းထောက်ပံ့သောကြောင့် အထက်တန်းမှ
သက်သက်သာသာစီးရသည်။
အချို့သည် ကံကောင်းအသင့်အတင့်ဖြင့် ရိုးရိုးတန်းမှ စီးရသည်။
အချို့သည်ကား ကံဆိုးထောက်ပံ့စွာဖြင့် ခုံမဲ့။
အချို့သည် မှောင်ခို။
ကွေ့လိုက် ကောက်လိုက် ဆင်းချည် တက်ချည်နှင့် ဘဝသံသရာ
ရထားသည် သေဆုံးခြင်းဟူသော ဘူတာရုံဆီသို့ စဥ်ဆက်မပြတ် ထွက်ခွာလျက်ရှိနေမြဲပင်။
မြတ်ရှင်စောသည် ထိုမွေးခြင်း သေခြင်းမှ ကင်းလွတ်ရာဖြစ်သော အသင်္ခတအမြိုက်နန်းဆီ လှမ်းကြွပြတော်မူသည်။
တပည့်သားသာဝက များကိုလည်း နည်းလမ်းညွှန်ကာ
ရုန်းထွက်စေပါသည်။ ထိုသို့ရုန်းထွက်မည်ဟန်ပြင်လျှင်
တက်စွမ်းနိုင်ပါက သာသနာ့ဘောင်သို့ ဝင်ရောက်ခြင်းသည်
အနီးစပ်ဆုံးဖြတ်လမ်းပေါ်မှ ခရီးသွားသည်နှင့်တူလှ၏။
သို့သော် အန္တရာယ်ကား များလှ၏။
စိုစွတ်နေသော ဤသစ်သားသည် မီးမတောက်သကဲ့သို့ပင်....
ကိလေသာနှင့် စိမ်ထားသည်သာများသော လူ့ဘောင်လောက
အိုးအိမ်တည်ထောင်ဘဝများသည် အတွယ်တာများဖြင့်ရစ်နှောင်ကာ အရိယာတည်းဟူသော အလင်းမီးစ တစ်စ ထွန်းညှိ
ရန် မလွယ်ကူလှချေ။
ကိလေသာအစိုဓာတ်လွန်ကဲမိသော သားရဟန်းများသည်ပင်
အတွယ်တာကြောင့် အိုးအိမ်တွင်းသို့ ပြန်ဆင်းနေကြသည်
မဟုတ်ပါလား။
ဤသို့ မဖြစ်မူကောင်းပေစွ။ ရခဲလှသော ရဟန်းဘဝအား
ရရှိထားသော ရှင်ရဟန်းများ အိုးအိမ်တွင်းသို့ ပြန်လည်
ဆင်းသက်လျှင် လွန်စွာ နှမြောမိပါ၏။
သူလည်းလေ လောကီသားပေမို့ ဟု ဖြေဆည်ရသော်လည်း
အတွယ်တာများသည် အိုးအိမ်တွင်းသို့ သက်ဆင်းစေသည်ကို
တော့ သံဝေဂ ရစွာ ရှူမြင်မိပါ၏။ (ရတုန်းရခိုက် ခဏိကသံဝေဂပင်)
မိမိကိုယ်တိုင်ပင် စိုစွတ် စေးပိုင်နေသော သစ်သားတုံးကြီးမျှသာရှိသော အိုးအိမ်တွင်းမှ ငမိုက်သားမို့ နှမြောရုံကလွဲပြီး
ဘာမှလည်း မတက်စွမ်းသာ။
မြင့်မြတ်သော ပိဋကတ်ကျမ်းစာများပခုံးထမ်းရင်း
အသည်းကွဲနေသော ရဟန်းတွေမြင်လျှင် စာနာသနားမိသည်။
ဤသို့နှင့်ပင် နှစ်ပေါင်း ၂၅၀၀ ကျော်သည်တိုင် အခြေခိုင်အောင် ထိန်းသိမ်းနေကြသော ပုထုဇဥ်ရဟန်းတို့အား
အခါခါ ဦးညွှတ်ကန်တော့မိပြန်သည်။
စာပုလွေကို ရင်မှာပိုက်၊ သည်လမ်းနဲ့ သည်ရဟန်းတွေ
သာသနာ့ဝန်ကိုထမ်းရတဲ့ ခရီးကြမ်းသည် မိမိတို့ ထင်ထား
သလောက် လွယ်ကူမည်တော့မဟုတ်ပေ။ ဘဝတခြမ်းကို
ပိဋကတ်နဲ့ပိတ်ဆို့၊ အချစ်လမ်းကို ဣန္ဒြေနဲ့ ထိန်းညှိ။
ပိပိရိရိ နေနိုင်သူတွေမှ သာသနာ့ဝန်ထမ်း ရှင်ရဟန်းအဖြစ်
ကြာရှည်ကြသည်။ ပါတိမောက္ခသံဝရကိုလည်း သဒ္ဓါဖြင့်
ထိန်းရပြန်သည်။
နွံမှတက်၍ နွံသို့ပြန်မဆင်းတော့သော ရှင်ရဟန်းများလည်း
များစွာရှိသည်။
အဖ ဘုရားရှင်၏ ဒေသနာနှင့်အညီ နှလုံးသားကို ဆုံးမနိုင်ကြ
သည်ကိုး။ သည်ဘဝအတွက်တော့ သာသနာကိုအသက်ဆက်ဖို့
မောင်ကြီးလက်လျှော့လိုက်ကြတဲ့ ရဟန်းတွေရဲ့ နှလုံးသားမှာ
အက်ကြောင်းလေးတွေများ ရှိနေကြမလား။
••••••••••••••••••••••••••••••••••••••••
နှောင်ဖွဲ့ချင်ရုံသက်သက်နဲ့တော့ အိုးအိမ်ကို ပြန်မလှည့်သင့်ပေဘူးတဲ့။(ဓမ္မဂင်္ဂါ)
•••••••••••••••••••••••••••••••••••••••••
အကြင်သူသည် ဝတ္ထုကာမဂုဏ်တို့ကို စွန့်ပြီးလျက်
တစ်ဖန်ဤလူ့ဘောင်သို့ပြန်လည်လူထွက်လာ၏။
ထိုသူကိုလည်း ရည်မှန်း၍ ငိုကြွေးကြကုန်၏။
ဤစကားမှန်၏။
တဖန် ထိုလူ့ဘောင်သို့ ပြန်လည်လူထွက်လာသောသူသည်
အသက်ရှင်သော်လည်း သေသူနှင့်တူ၏။
ချစ်သား...
အိမ်ရာတည်ထောင်ခြင်းဟူသော ပြာပူမှတက်ပြီး၍
ပြာပူသို့ဆင်းခြင်းငှာ အလိုရှိဘိ၏။
ချစ်သား..
ချောက်မှတက်ပြီးဖြစ်လျက် ချောက်သို့ ကျခြင်းငှါအလိုရှိဘိ၏။ (သဂါထာဝဂ္ဂသံယုတ် ပါဠိတော်မြန်မာပြန်)
ဓမ္မအလင်းရောင် (ပင်လုံမြေ)
photo crd.. ဖေ ဘုန်း
0 Comments
Post a Comment