အခုတော့ကပ်ရှုပ်နေရဲ့
ကိုယ်က အားထည့်ပြီး က,ခဲ့မိတာကို....
မိုးစက်များကြောင့် အတွေးများ ရေစိုသွားသည်တဲ့။
ဓမ္မဂင်္ဂါ ရဲ့ "ရဟန်းနှင့် ပင်လယ် " ဖတ်နေရင်း အတွေးတွေ ပျံ့လွင့်ကုန်တယ်။
ကိုယ်ကတော့ မိုးရေဖျန်းလို့ အတွေးများ လန်းဆန်းသွားရပါတယ်။
အရေးပေါင်းစုံက ဝိပတ္တိကျနေတဲ့ ကာလကြီးမှာ ကိုယ့်လုံခြုံမှုသာ
ပထမ မို့ အရာအားလုံးကို နှုတ်ဆိတ်ငေးရုံသာ တက်နိုင်တဲ့အဖြစ်ပေါ့။
(အသက်လေးရယ်ရှည်စေလိုလျင် နှုတ်ဆိတ်စေချင်)
အိုမီခရွန်မျိုးကွဲဆိုလားပဲ သူကလဲ အရူးထပြီး တစ်ခန်းကဖို့ ပြင်နေပြီလို့
သတင်းတွေ မြင်နေ ကြားနေရတယ်။
ဆင်းရဲကြရဦးမှာပဲလို့ တွေးမိပေမယ့် သိပ်တော့လဲမထူးတော့ပါဘူး။
ကြာတော့လဲ ဒီလူတွေ အခွံထူကုန်ပါပြီ။
ဟိုအရေး ဒီအရေးတွေနဲ့ ဘယ်မှလဲ မပြေးတတ် ဘာမှလဲမပြောတတ်ဘူး။
ကိုယ့်နေရာကိုသာ ကိုယ့်ကမ္ဘာလိုသတ်မှတ်ပြီး အဘိဓမ္မာမုခ်ဦးမှာ
ခြေစုံရပ်ပြီး နေလိုက်မိသူပါ။
ဒီအဘိဓမ္မာလမ်းအပေါ်မှာ ဒီတာဝန်တွေ တိုးပြီးထမ်းနိုင်ဖို့
တစ်ချို့သော သံယောဇဥ်တွေအတွက် အလွမ်းဇာတ်သိမ်းဖို့တော့ လိုတာပေါ့လေ။
တိုင်းရေးလဲခက် လွမ်းရေးလဲခက် ဝမ်းရေးက အပိုဆုံးဆိုတဲ့ စိုင်းထီးဆိုင်
သီချင်းကို ခပ်ထေ့ထေ့ပြုံးပြရင်း နေ့မနား ညမအား။
ရှာဖွေခြင်းလျင်အကြောင်းရင်းရှိသော မူလဒုက္ခသည်လည်း ဥပနိဿယသတ္တိနဲ့ လုံးပမ်းရသေးတယ်ကိုး ...
ဒီနှစ်တော့ ဘယ်သူတွေ ဘာထင်ထင် မိမိတို့အဖွဲ့ကို အဘိဓမ္မာဖြေဖို့
တိုက်တွန်းရင်း ကိုယ်တိုင်လည်း ဝိသုဒ္ဓိမဂ်ဖြေဖို့အားတင်းထားရတယ်။
အဖြစ် သနစ်တွေနဲ့ စပ်လျဥ်းပြီး အဖန်ဖန်သုံးသပ်
အပြန်ပြန်ဆုံးဖြတ်။
ရှင်တော်ဘုရား ဟောထားတဲ့ ဒုက္ခသစ္စာကို
ကိုယ့်နဲ့နှိုင်းယှဥ်ပြီး အနက်ဖွင့်တော့....
အဖြေက ခါးသက်သက်။
သမုဒယသစ္စာတွေနဲ့ ဆက်ကာ ဆက်ကာ ဖက်။
ဓမ္မအလင်းရောင် (ပင်လုံမြေ)
0 Comments
Post a Comment